Pages

ဆန္ဒပြမှုများဖြစ်ပွားစေခဲ့သည့် ဇာတ်ကားရိုက်ကူးသူကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်း

ဇာတ်ကားရိုက်ကူးခဲ့သူဟု ယူဆရသူအား ခေါ်ဆောင်လာစဉ်
နိုင်ငံအချို့တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်စေခဲ့သည့် ဇာတ်ကားရိုက်ကူးသူဟု ယူဆရသူကို ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက် အစောပိုင်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း အမေရိကန် NBC သတင်းဌာနက ဖော်ပြခဲ့သည်။
ဇာတ်ကားရိုက်ကူးသူဟု ထင်ရသူ Nakoula Besseley Nakoula ပြည်နယ်အစိုးရ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ကာလီဖိုးနီးယားပြည်နယ်၊  Cerri-tos ရှိသူ၏ နေအိမ်မှနေ၍ ရဲများ အစောင့်အရှောက်ဖြင့် ခေါ်ယူသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Nakoula  သည် ကုတ်အင်္ကျီ၊ ဦး ထုပ်၊ ပုဝါ၊ မျက်မှန်များ ၀တ်ဆင်ပြီး မျက်နှာကိုကွယ်ကာ လိုက်ပါသွားခဲ့ကြောင်း ယင်းသတင်းဌာနက ဖော်ပြခဲ့သည်။
Nakoula သည် ခံဝန်ဖြင့်နေရစဉ်အတွင်း ကန့်သတ်မှုများကို ချိုးဖောက်ခြင်းရှိ၊ မရှိ ပြည်နယ် တာဝန်ရှိသူများက စစ်ဆေးမေးမြန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်နယ်တာဝန်ရှိသူများ၏ စစ်ဆေးမှု မခံရမီ အင်တာဗျူးပြုလုပ်ရန် Nakoula ကသဘောတူခဲ့သည်။
Nakoula သည် ဘဏ်စာရင်းအတုများ ပြုလုပ်ခဲ့သည်ဟု စွဲချက်ကို  ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရင်ဆိုင်ခဲ့ရသည်။ သူနှင့် အပေါင်းအပါအချို့သည် ကာလီဖိုးနီးယားရှိ Wells Fargo ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းအသုံးပြုသူများထံမှ မှတ်ပုံ တင်ကတ်များ၊ လုံခြုံရေးနံပါတ်များကို တရားမ၀င် နည်းလမ်းများဖြင့် ရယူပြီး အမေရိကန်ဒေါ်လာ ၈၆၀ ထုတ်ယူခဲ့ကြောင်း စွဲချက်တင်ခံရခြင်း  ဖြစ်သည်။
၁၉၉၇ ခုနှစ်ကလည်း မက်သာဖက်တမင်းကို ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ပိုင်ဆိုင်မှုဖြင့် အပြစ်ရှိကြောင်း ၀န်ခံခဲ့သဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရကြောင်း NBC က ဖော်ပြခဲ့သည်။
ယင်းဇာတ်ကားနမူနာ ထွက်ပေါ်လာမှုမှတစ်ဆင့် လစ်ဗျားတွင် စတင်ကာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လက်နက်များ ကိုင်ဆောင်ထားသော လူအချို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းကန့်ကွက် ဆန္ဒပြမှုများမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ နိုင်ငံများသို့ ပျံ့နှံ့ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်အထိ ဆန္ဒပြသူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့သလို လစ်ဗျားဆိုင်ရာ အမေရိကန်သံအမတ်အပါအ၀င် လစ်ဗျားရှိ အမေရိကန်နိုင်ငံသား ၄ ဦး သေဆုံးခဲ့သည်။