Pages

ဦးဝီရသူမှတဆင့် ဆွေးနွေးခြင်း

ဦးဇင်း ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်မှာ မေးသူ အမျိုးသမီးတစ်ဦးဆိုပြီး ပညာရှင်များဖြေကြားရန် မေးထားတဲ့ မေးခွန်းများကို ကျနော်က ပညာရှင် မဟုတ်ပေမဲ မြင်သလို ဆွေးနွေးခွင့်ပြုစေလိုပါတယ်။
၁။ ကမ္ဘာအရပ်ရပ်မှာ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ-စတဲ့ဘာသာဝင်တွေ အချင်းချင်းကြားမှာ ဘာသာရေး ဆိုင်ရာ ပြဿနာ ပဋိပက္ခတွေ မရှိကြဘဲ မူဆလင်တွေနဲ့ အခြားဘာသာပေါင်းစုံတို့သည် အစဉ်အမြဲ ပဋိပက္ခများ ဖြစ်ပွားနေကြသည်မှာ ဘာ့ကြောင့်ဟု ထင်ပါသနည်း။
၂။ မူဆလင်အချင်းချင်းဖြစ်သော ရှီယိုက်နှင့် စွန်နီတို့သည် ၎င်းတို့ အချင်းချင်း အမြဲတမ်း တိုက်ခိုက် သတ်ဖြတ်လျက် ရှိကြသည်မှာ အဘယ့်ကြောင့်နည်း။
၃။ ရခိုင်ဗုဒ္ဓဘာသာအများစုကြီးခိုရာဒေသတွင် မူဆလင်များနှင့် ပြဿနာမရှိဘဲ ငြိမ်းချမ်းစွာနေထိုင်ကြပြီး ရခိုင်လူနည်းစုရှိပြီး မူဆလင်အင်အားကြီးမားသည့် ဒေသများမှာသာ ပဋိပက္ခတွေဖြစ်ပွားနေကြသည်မှာ အဘယ့်ကြောင့်နည်း။
၎။ ရခိုင်နှင့်မူဆလင်မှာ မည်သူက သွေးဆာမုန်းတီးနေသနည်း-ဆိုတာကို အမှန်အတိုင်း ခန့်မှန်းသုံးသပ်မှု မပြုနိုင်သမျှ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဆိုသည်ကို သင်လက်ခံပါလား။
၅။ မူဆလင်ကမ္ဘာမှာ လူ့အခွင့်အရေးမရှိဘဲနဲ့ မြန်မာနှင့်အခြားနိုင်ငံများမှာ လူ့အခွင့်အရေးကို အသုံးချ တောင်းဆိုမှုတွေ ပြုလုပ်နေကြတာ ဘာအတွက်ကြောင့်ဟု ထင်ပါသနည်း။
၆။ အမျိုးသမီးများကို အဝတ်လှောင်အိမ်အတွင်း ချုပ်နှောင်ထားပြီး မည်သည့်အခွင့်အရေးမှ မပေးသည့် ဘာသာဝင်များသည် လူ့အခွင့်အရေးကို အော်ဟစ်တောင်းဆိုနေကြသည်မှာ မည်သည့်ရည်ရွယ်ချက်ကြောင့် ပါနည်း။
မေးသူ အမျိုးသမီးတစ်ဦး
ပထမမေးခွန်းမှာ “ကမ္ဘာအရပ်ရပ်မှာ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ-စတဲ့ဘာသာဝင်တွေ အချင်းချင်းကြားမှာ ဘာသာရေး ဆိုင်ရာ ပြဿနာ ပဋိပက္ခတွေ မရှိကြဘဲ” ဆိုပါတယ်။
အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်တွေက ခရစ်ယန်နှင့် ဗုဒ္ဓဘာသာကို စော်ကားတိုက်ခိုက်နေတာ အခုထက်ထိလဲ မကြာခဏဆိုသလို ရှိနေပါတယ်။ ဆရီလင်္ကာ(သီဟိုဠ်)မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက ဟိန္ဒူနှင့် မွတ်စလင်တွေရဲ့ သာသနာရေးအဆောက်အဦးတွေကို ဖျက်ဆီးနေတာလဲ ရှိနေပါတယ်။ အနောက်နိုင်ငံတွေမှာ မွတ်စလင်တွေရဲ့ သာသနာရေးအဆောက်အဦးတွေ၊ သင်္ချိုင်းမြေတွေကို ခရစ်ယာန်အစွန်းရောက်တွေက ဖျက်ဆီးနေတာလဲ ဖြစ်နေဆဲဖြစ်တယ်။ မွတ်စလင်ကဘဲ ပြသနာတွေကို တစ်ဖက်သတ် ဖန်တီးနေတယ်ဆိုတာက မမှန်ပါဘူး။
သို့သော် မွတ်စလင်က ဖြစ်တာများတယ်ဆိုတာက မှန်တယ်။ ဘာကြောင့်များနေသလဲ။ အစ္စလာမ်သာသနာပေါ်ပေါက်တာ နှစ်(၁၅၀၀)လောက်ရှိပြီ။ အရင်တုန်းက မွတ်စလင်တွေရဲ့ အဲဒီသတင်းဆိုးတွေကို မကြားရဘဲ အခု နိုင်းဝမ်းဝမ်းလို့ခေါ်တဲ့ (၂၀၀၁)ကစပြီးတော့မှ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်လာရတာကို သတိပြုဖို့လိုပါတယ်။ အစ္စလာမ်ဘာသာက ဆိုးတယ်ဆိုရင် အဲဒီဘာသာတရား စပေါ်ကတည်းက ဆိုးတဲ့သတင်းတွေ ရှိနေရမှာပေါ့။ ဒါတွေကို ခြေခြေမြစ်မြစ် သိဖို့က မွတ်စလင်နိုင်ငံတွေရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို သိထားဖို့ လိုပါမယ်။ လေ့လာဖို့ လိုပါတယ်။
နံပါတ်(၂)ဖြစ်တဲ့ ဆွန္နီနှင့် ရှီယာပြသနာက သမိုင်းကြောင်းအရ ကျောင်းတော်က ရန်စဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ အမြင်မတူမှုတွေက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာမှာ ရှိကြသလို အစ္စလာမ်မှာလဲ ရှိနေတယ်။ သို့သော် မတူတာက အစ္စလာမ်ဘာသာမှာ နိုင်ငံရေးအာဏာဆိုင်ရာ ပြသနာတွေက ဝင်ရှုပ်လာတော့ အကြမ်းဖက်မှုတွေ ဖြစ်လာရတယ်။ ဒါက မကောင်း၊ မမှန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
နံပါတ်သုံးမေးခွန်းဖြစ်တဲ့ “ ရခိုင်ဗုဒ္ဓဘာသာအများစုကြီးခိုရာဒေသတွင် မူဆလင်များနှင့် ပြဿနာမရှိဘဲ ငြိမ်းချမ်းစွာနေထိုင်ကြပြီး ရခိုင်လူနည်းစုရှိပြီး မူဆလင်အင်အားကြီးမားသည့် ဒေသများမှာသာ ပဋိပက္ခတွေဖြစ်ပွားနေကြသည်မှာ အဘယ့်ကြောင့်နည်း။”
ဒီမေးခွန်းကတော့ အတော်ချာတဲ့ မေးခွန်းပါ။ ရခိုင်အများစုနေတဲ့ စစ်တွေဘက်မှာ မွတ်စလင်တွေ အများအပြား ဒုက္ခရောက်နေပြီး၊ မွတ်စလင်အများစုနေတဲ့ မောင်းတော၊ ဘူးသီးတောင်ဘက်မှာ ရခိုင်အနည်းစုလေးကသာ ဒုက္ခရောက်နေတာကို အစိုးရစာရင်းအရကော၊ ရခိုင်စာရင်းအရပါ သိနိုင်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ နေရာတိုင်းမှာ ပြသနာမဖြစ်ဘူးဆိုတာ မမှန်ပါဘူး။ တဖန် ဗုဒ္ဓဘာသာအများစုနေတဲ့ တောင်ပိုင်းမြို့တွေမှာ ဖြစ်ဖို့ အစပျိုးနေတာ၊ အနည်းအကျဉ်း ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတာတွေက ရှိနေပါတယ်။ သို့သော် ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့တာကတော့ မှန်ပါတယ်။ ခုနေခါမှာ သူမှန် ကိုယ်မှန်ပြောနေကြပေမဲ့ ဖြစ်ရပ်မှန်က တစ်ချိန်ချိန်မှာ ပေါ်လာမှာပါ။ အဲဒီကျမှဘဲ ဒီမေးခွန်းရဲ့ အဖြေကို တိတိကျကျ သိလာမှာပါ။
မေးခွန်းလေးက “ရခိုင်နှင့်မူဆလင်မှာ မည်သူက သွေးဆာမုန်းတီးနေသနည်း-ဆိုတာကို အမှန်အတိုင်း ခန့်မှန်းသုံးသပ်မှု မပြုနိုင်သမျှ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဆိုသည်ကို သင်လက်ခံပါလား။” ဖြစ်ပါတယ်။ ဒီမေးခွန်းမျိုးက မေးသင့်တဲ့ မေးခွန်းမဟုတ်ပါဘူး။ သို့သော် မည်သူက သွေးဆာမုန်းတီးနေသလဲဆိုတာကို တစ်ကယ် သိချင်တယ်ဆိုရင် နာမည်ဖေါ်စရာမလိုတဲ့ စစ်တမ်းမျိုး ကောက်ကြည့်နိုင်ပါတယ်။ အမှန်မတော့ ဒီမေးခွန်းရဲ့ အဖြေမှန်ကို ရခိုင်နှင့် မွတ်စလင် နှစ်ဖက်စလုံးက သိကြပါတယ်။ ကျနော်လည်း သိပါတယ်။ မြန်မာအပါအဝင် အခြားတိုင်းရင်သားတွေလည်း သိကြပါတယ်။ မေးခွန်းရှင်တောင် သိချင် သိနိုင်ပါတယ်။
တစ်ခု အလေးအနက်ထားပြီး ပြောချင်တာက လူမျိုးရေး ဘာသာရေး ပဋိပက္ခဆိုတာ ကမ္ဘာပေါ်မှာ မြန်မာတစ်ခုတည်း၊ ရခိုင်တစ်ခုတည်း ဖြစ်ဖူးတာ မဟုတ်ပါဘူး ဆိုတာပါဘဲ။ ပြသနာတွေကို နှစ်ဖက်စလုံးက မှန်မှန်ကန်ကန် သုံးသပ် အဖြေရှာလိုစိတ် ရှိမယ်ဆိုရင် ငြိမ်းချမ်းရေးကို ကြိမ်းသေတည်ဆောက်နိုင်ပါတယ်။
မေးခွန်း(၅)က “ မူဆလင်ကမ္ဘာမှာ လူ့အခွင့်အရေးမရှိဘဲနဲ့ မြန်မာနှင့်အခြားနိုင်ငံများမှာ လူ့အခွင့်အရေးကို အသုံးချ တောင်းဆိုမှုတွေ ပြုလုပ်နေကြတာ ဘာအတွက်ကြောင့်ဟု ထင်ပါသနည်း။” ဖြစ်ပါတယ်။
တစ်ကယ်တော့ မွတ်စလင်ကမ္ဘာက ပြည်သူတွေဟာ သနားစရာ အင်မတန်ကောင်းပါတယ်။ အာဏာရှင်အစိုးရတွေနှင့် ဘာသာရေးအစွန်းရောက်တွေကြားမှာ ခင်ဗျားတို့ ကျနော်တို့လို သာမန်မိသားစုတွေ၊ ပြည်သူတွေက လူ့အခွင့်အရေး ဆုံးရှုံးပြီး ဓါးစာခံဖြစ်နေရတာပါ။ အခုမြင်နေရတဲ့ အကြမ်းဖက်သူတွေက တစ်ကမ္ဘာလုံးမှာ တစ်သောင်းရှိမလား။ တစ်သိန်းတော့ မရှိလောက်ပါဘူး။ တစ်သိန်းရှိရင်တောင် မွတ်စလင်ဦးရေ သန်း၂၀၀၀နှင့် အချိုးချကြည့်ရင် ၀.၀၀၀၀၅%ဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် ကျနော့အဖြေကတော့ မွတ်စလင်ကမ္ဘာဘဲဖြစ်ဖြစ်၊ အနောက်ကမ္ဘာဘဲဖြစ်ဖြစ် သူတို့ပြောတာက သူတို့ဖြစ်စေချင်တာကို ပြောတာဖြစ်တယ်။ ပြောနိုင်ကြပါတယ်။ ကျနော်တို့နိုင်ငံရဲ့ လူအခွင့်အရေးစံကို ကျနော်တို့ပြည်သူတွေကသာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ သူများပြောတိုင်း လိုက်မလုပ်နိုင်ပါဘူး။
မေးခွန်း(၆)က “ အမျိုးသမီးများကို အဝတ်လှောင်အိမ်အတွင်း ချုပ်နှောင်ထားပြီး မည်သည့်အခွင့်အရေးမှ မပေးသည့် ဘာသာဝင်များသည် လူ့အခွင့်အရေးကို အော်ဟစ်တောင်းဆိုနေကြသည်မှာ မည်သည့်ရည်ရွယ်ချက်ကြောင့် ပါနည်း။”
မေးခွန်း(၆)အတွက် အဖြေက မေးခွန်း(၅)နှင့် ထပ်တူဖြစ်ပါတယ်။ သို့သော် နိုင်ငံတိုင်းမှာ အမျိုးသမီးတွေကို ဖိနှိပ်နေတာ မဟုတ်ပါဘူး။ တူရကီ၊ အလ်ဘေးနီးယား၊ အီရတ်မှာ အမျိုးသမီးတွေ သိပ်ခေတ်မှီပါတယ်။ အီရန်မှာ အုပ်ချုပ်သူတွေက ဖိနှိပ်နေသော်လည်း အီရန်က အမျိုးသမီး ပညာတတ်နှုံးက တစ်ကမ္ဘာလုံးမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ပါကစ္စတန်မှာ ပြသနာတွေရှိနေပေမဲ့ အမျိုးသမီးဝန်ကြီးချုပ် ရှိခဲ့ပါတယ်။ ဆိုးတဲ့နိုင်ငံတွေက သိပ်ဆိုးပါတယ်။ ဆိုးတဲ့နိုင်ငံတွေက ပိုများပါတယ်။ မြန်မာပြည်က အမျိုးသမီးတွေက ကမ္ဘာမှာ ဂုဏ်ယူစရာကောင်းလောက်အောင် အခွင့်အရေးမြင့်မားပြီးဖြစ်ပါတယ်။
(copy-www.mmsy.org/ )