ငလျင် အင်အားနှင့် နှိုင်းယှဉ်လျှင် လူသေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ပျက်စီး ဆုံးရှုံးမှုတို့မှာ နည်းပါးပြီး၊ ကံကောင်း ခဲ့ခြင်းသာ ဖြစ်ကြောင်း မြေငလျင် ပညာရှင်များက သုံးသပ် ပြောကြားသည်။
ရွှေဘို ငလျင်ကဲ့သို့ အင်အားပြင်း ငလျင်မျိုး စစ်ကိုင်းနှင့် မန္တလေး အနီးဖြစ်စေ၊ ပဲခူးအနီးဖြစ်စေ လှုပ်ခတ်ခဲ့ပါက ပျက်စီး ဆုံးရှုံးမှုမှာ ယခုထက် အဆပေါင်းများစွာ များနိုင်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားသည်။
ထို့ကြောင့် အနာဂတ်တွင် မြေငလျင် အန္တရာယ်နှင့် ပတ်သက်၍ ပိုမိုသတိရှိပြီး ကြိုတင် ကာကွယ်မှု များ ပြုလုပ်ရန် ပညာရှင်များက တိုက်တွန်းကြသည်။
“အခုငလျင်က ကျွန်တော့်အမြင်က တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ ကံကောင်းတယ်ဗျ။ ကံကောင်းတယ် ဆိုတာက လူနေနည်းတဲ့ ဒေသမှာ လှုပ်လို့။ အားလုံးကို ခြုံလိုက်ရင် မန္တလေးနဲ့ နီးရင်သော် လည်းကောင်း၊ စစ်ကိုင်းနဲ့ နီးရင်သော် လည်းကောင်း မြို့ကြီးကြီးနဲ့နီးရင် ပျက်စီးဆုံးရှုံးမှု ပိုများမယ်။ လူလည်းသေတာ ပိုများမယ်။” ဟု စစ်ကိုင်းငလျင်ကြောကို တွေ့ရှိပြီး ဖော်ထုတ်နိုင်ခဲ့သော ဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေက ပြောသည်။
“အခုသာ ရန်ကုန် ပဲခူးကို ဗဟိုပြုပြီး လှုပ်ရင် ပျက်စီးဆုံးရှုံးမှုက ဒီထက်များနိုင်တယ်” ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းကလည်းပြောသည်။ ထို့ကြောင့် ရွှေဘိုမြေငလျင်မှာ မြန်မာနိုင်ငံအတွင်း မြေငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ မဖြစ်မနေပြုလုပ်ရတော့မည်ကို သတိပေးလိုက်ခြင်းပင် ဖြစ်ကြောင်း မြေငလျင်ပညာရှင်များကပြောသည်။
မြန်မာနိုင်ငံ၏ လူနေထိုင်မှုအရ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက် မြောက်ပိုင်းဒေသများတွင် လူနေထိုင်မှုကျဲပြီး အဆောက်အအုံကြီးများ အနည်းငယ်သာ ရှိသည်။ သို့သော် တောင်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ လူနေပိုမိုထူထပ်လာပြီး အဆောက်အအုံကြီးများမှာ ပိုမိုများပြားလာသည်။
ထို့ကြောင့် စစ်ကိုင်းငလျင်ကြောပေါ်တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အင်အားအပြင်းဆုံး မြေငလျင်လှုပ်ခဲ့သော်လည်း ယခု အကြိမ် လူသေဆုံးထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုမှာ ငလျင်ပမာဏနှင့်စာလျှင် လျော့နည်း သက်သာခဲ့ခြင်းသာဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခြင်းဖြစ်သည်။
စစ်ကိုင်းသက်ရှိပြတ်ရွေ့ကြောပေါ်တွင် နောက်ဆုံးလှုပ်ခဲ့သော အင်အားပြင်းငလျင်မှာ ၁၉၅၆ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၇ ရှိ ငလျင်ကြီးဖြစ်သည်။ ထိုစဉ်ကပင် အဆိုပါငလျင်ကြောင့် လူ ၄၀ မှ ၅၀ အတွင်းသေဆုံးခဲ့ရသည်။
“ဒီငလျင်က ငလျင်ကြီးပါ။ ငလျင်ကြီးမှာမှ ဒီလောက်ဘဲ အသေအပျောက်ဆိုတာ။ အချက်အလက်ရတာ စောသေးလို့လို့ အစကထင်တယ်။ အခုချိန်အထိ သေတာ ၁၃ ယောက်လောက်၊ ပျောက်ဆုံးနေတဲ့သူတွေနဲ့ ပေါင်းရင် လူ ၂၀၊ ၂၅ လောက်ဖြစ်မယ်ထင်တယ်။ ဒီလောက် ငလျင်ကြီး၊ လူနေထူထပ်တဲ့ နေရာတွေမှာ ဖြစ်သွားတယ် ဆိုတဲ့ဟာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက မဆိုးဘူးလို့ ပြောလို့ရမယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ စဆောက်ဖို့ တာစူနေတုန်းအချိန်မှာ ဒီလောက် ထိန်းသိမ်းနိုင်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ မဆိုးဘူးလို့ ထင်ပါတယ်။” ဟု မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ အတွင်းရေးမှူး တစ်ဦးဖြစ်သော ဦးစောထွေးဇော်ကလည်း သုံးသပ်သည်။
ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာ မြေငလျင်ပညာရှင်များက မကြာခဏ သတိပေးခဲ့သော စစ်ကိုင်းမြေငလျင်ကြောပေါ်တွင်ပင် ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်မှာ နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ် တွင် လှုပ်ခတ်ခဲ့သည်။ ရွှေဘို၊ သပိတ်ကျင်း၊ ကျောက်မြောင်း၊ စဥ့်ကူးစသော မြို့များအပါအ၀င် မြို့နယ်ပေါင်း ဆယ်မြို့နယ်ကျော်မှာ မြေငလျင်ဒဏ်ခံခဲ့ရသည်။ သပိတ်ကျင်း၊ ကျောက်မြောင်း၊ ရွှေဘိုမြို့နယ်များမှာ ငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရသည်။ မြေငလျင်နှင့် ဘူမိဗေဒပညာရှင်များက စစ်ကိုင်း ငလျင်ကြောတစ်လျှောက်ရှိ ဒေသများကို မြေငလျင်အန္တရာယ်ကို အထူးသတိပြုရန် မကြာခဏ သတိပေးခဲ့သော်လည်း လက်တွေ့ မြေငလျင်လှုပ်လာသောအခါ ပြည်သူအများစုမှာ ဘေးအန္တရာယ်လျော့ပါးအောင် မည်သို့နေထိုင် ပြုမူရမည်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် မြေငလျင်ကြီးများ ဆက်လှုပ်ဦးမည်ဟူသော ကောလဟလများကြောင့် ဒေသခံများစွာ စိုးရိမ်နေကြဆဲဖြစ်သည်။ မြေငလျင်ကြီးများ၏ ထုံးစံ အတိုင်း နောက်ဆက်တွဲ မြေငလျင်ငယ်များလည်း လှုပ်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်ထိ နောက်ဆက်တွဲမြေငလျင် ၄ ကြိမ်လှုပ်ခဲ့ပြီး အင်အား ၅ အထက်ရှိသော အင်အား အသင့်အတင့်ရှိ မြေငလျင်များဖြစ်သည်။ မိုးဇလက နောက်ဆက်တွဲငလျင်များမှ အင်အား ၅ မကျော်ပါက မှတ်တမ်းတင်သော်လည်း သတင်းမထုတ်ပြန်ပေ။ နိုဝင်ဘာ ၁၃ နံနက် ၈နာရီကျော်တွင် နေပြည်တော်တောင်ဘက် ၃၅မိုင်၊ ဆွာမြို့အနောက်ဘက် ၁၄ မိုင်ဗဟိုပြု၍ ၄ ဒသမ ၈ အင်အားရှိ နောက်ဆက်တွဲငလျင်လှုပ် ခဲ့သည်။ ထို့ကြောင့် မြေငလျင် ပညာရှင်များက နောက်ဆက်တွဲ မြေငလျင်ငယ်များကိုလည်း သတိထားရန်နှင့် နိုဝင်ဘာ ၁၁ ရက် ငလျင်ကြီး လှုပ်ပြီးနောက် ယိုင်နဲ့နေပြီး ပြုတ်ကျနိုင်သော အိမ်နှင့် အဆောက်အအုံ များအောက်တွင် မနေထိုင်ကြရန် အကြံပြုပြောကြားသည်။
ထို့ပြင် စစ်ကိုင်းငလျင်ကြောပေါ်တွင် ၁၉၂၉ ခုနှစ်က ရစ်ခ်ျတာစကေး ၇ ၀န်းကျင်ရှိ အင်အားကြီးငလျင် လှုပ်ခဲ့ပြီးနောက် လအနည်းငယ်ခြား၍ ပြတ်ရွေ့ကြောတစ်လျှောက်ရှိ အခြားအပိုင်းများဖြစ်သော ဖြူး၊ ပဲခူး၊ တောင်ငူစသော ဒေသတို့တွင် အင်အားကြီးငလျင်များ လှုပ်ခတ်ခဲ့ဖူးသည်။ ထိုအတွေ့အကြုံအရ ငလျင်ကြောတစ်လျှောက်ရှိ အခြားဒေသများမှာလည်း မြေငလျင်အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်သည်။ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ကမ္ဘာ့အကြီးဆုံးသက်ရှိ ပြတ်ရွေ့များတွင် ပါဝင်သော စစ်ကိုင်းပြတ်ရွေ့ တလျှောက်တွင် ဧရိယာအလိုက် ပြတ်ရွေ့အပိုင်း ၁၀ ပိုင်းဝန်းကျင် ရှိကြောင်းလည်း ဦးစိုးသူရထွန်း ကပြောသည်။
“စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောမှာ နှစ်တစ်ရာအတွင်းမှာ တစ်ကြိမ် ရစ်ခ်ျတာစကေး ၇ ကနေ ၇ ဒသမ ၅ လောက် လှုပ်နိုင်တယ်။ ၁၉၅၆ ကနေ စတွက်ရင် အခု နှစ်ပေါင်း ၆၀ လောက်မှာ ၆ ဒသမ၈ လောက်နဲ့ ပြန်လှုပ်တာ ၁၉၃၀ မှာ ၇ ဒသမ ၃ နဲ့ ပဲခူးမှာ လှုပ်တယ်။ ပဲခူးမှာ လူငါးရာလောက်သေတယ်။ ရန်ကုန်မှာ ၅၀ လောက်သေတယ်။ အခုလူဦးရေက အဆမတန်များလာပြီ။” ဟု ဦးစိုးသူရထွန်းက ဆက်လက်ပြောသည်။
အဆောက်အအုံများကို ခိုင်ခံ့အောင် ဆောက်လုပ်ရန်နှင့် အဆောက်အအုံများ အရည်အသွေးမီ၊မမီနှင့်ပတ်သက်၍ အရည်အသွေး စစ်ဆေးသော လွတ်လပ်ပြီး အမှီအခို ကင်းသော ကြားခံ အဖွဲ့အစည်းများကို ဖွဲ့စည်းကာ စစ်ဆေးကြပ် မတ်သင့်ပြီဖြစ်ကြာင်း ဘူမိဗေဒပညာရှင် ဦးအေးကိုကလည်း အကြံပြုသည်။
“အဓိကကတော့ အဆောက်အအုံတွေကို ခံနိုင်ရည်ရှိအောင် ဆောက်ရမယ်။ ဆောက်ပြီးသားတွေလည်း စစ်ဆေးပြီး ပြင်ဆင်သင့်တာပြင်ရမယ်။ လူတွေကလည်း ငလျင်နဲ့ ပတ်သက်ပြီး ဗဟုသုတရှိရမယ်။ ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ သိထားသင့်တယ်။” ဟု ဦးစိုးသူရထွန်း က အကြံပြုသည်။ အဆောက်အအုံများခိုင်ခံ့အောင် ဆောက်လုပ်ရာတွင် အခြေခံအုတ်မြစ်၊ ထုတ်နှင့် တန်းများ၊ ဂျွိုင့်များကို ခိုင်ခံ့အောင် ဆောက်ရန် ဦးစောထွေးဇော်က အကြံပြုသည်။
မြေအောက်ရေတူးပါက ပေအနည်းငယ်နှင့် ထွက်သော ရေလျှံဒေသများတွင် မြေငလျင် လှုပ်ပါက ငလျင်ဒဏ်အပြင် ရေလျှံသည့်ဒဏ်ကိုပါ ခံရတတ်၍ သတိပြုရန် လိုကြောင်းလည်း ဒေါက်တာဝင်းဆွေက သတိပေးသည်။ ထို့ပြင် ရေကန်နှင့် မြစ်ချောင်း များပေါ်တွင် မြေဖို့၍ အဆောက်အအုံ များ ဆောက်လုပ် နေထိုင်ခြင်းကို ရှောင်ကြဉ်ရန်လည်း ၎င်းက အကြံပြုသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် မြေငလျင်လှုပ်လာလျှင် မည်သို့ ပြုမူဆောင်ရွက် သင့်သည်ကို ကြိုတင်သိရှိရန် လေ့လာ ထားရန်၊ ဖြစ်နိုင်ပါက ကြိုတင် လေ့ကျင့်ထားရန် ပညာရှင်များက အကြံပြုသည်။
အားမာန်၊ ခိုင်ထွန်း၊ အောင်ခိုင်
7Day News Journal
ငလျင်ဒဏ်ကြောင့် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ အိမ်အဖီ တစ်ခု ပြိုကျနေသည်ကို တွေ့ရစဉ် |