Pages

မြန်မာ့အတော်ဆုံး နိုင်ငံရေးသုခမိန်ကြီး ဦးသိန်းစိန်



ဘာကြောင့်ဘဲ ပြောင်ပြောင်၊ ကြိုတင်မဲတွေနဲ့ဘဲ သမ္မတဖြစ်ဖြစ်၊ ဘာတွေဘဲ မဟုတ်တာလုပ်နေတယ်လို့ ပြောနေ ပြောနေ၊ မှားတာ၊ မှန်တာတွေကို ခဏထားပြီး၊ တစ်ကယ်လို့များ ခုနေခါမှာ မြန်မာပြည်မှာ အတော်ဆုံး နိုင်ငံ့ခေါင်းဆောင် (Statesmanship)ကို ရွေးချယ်ပွဲလုပ်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ကို ရွေးချယ်ဖို့ ကျနော်ရာခိုင်နှုံးပြည့် ထောက်ခံတယ်။

ဦးသိန်းစိန်ကို ကျနော် မကြိုက်ပါဘူး။ သို့သော် သူဟာ တကဲ့ နိုင်ငံရေးသုခမိန် (Strategic Thinker and Player) ဖြစ်နေပြီဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။

ဘာကြောင့်လဲ။

နိုင်ငံတကာပေးထားတဲ့ သားသတ်သမားဘွဲ့ရ ဗိုလ်သန်းရွှေရဲ့ ညာလက်ရုံး၊ ဒီပဲယင်းတိုက်ခိုက်မှုကြီးမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိသူ၊၂၀၀၇ ရွှေဝါရောင်နှိမ်နင်းမှုမှာ ပါဝင်ပတ်သက်ခဲ့သူ၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခံထားရသူ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးပစ်မှုမှာ အဓိက တာဝန်ရှိသူ၊ တစ်နိုင်ငံလုံးမှာ ယနေ့အထိဖြစ်ပွါးနေတဲ့ လယ်သိမ်း၊ မြေသိမ်းကိစ္စ၊ အလုပ်သမားပြသနာ၊ ဆင်းရဲ ချမ်းသာ အလွန်အမင်း ကွာဟမှု၊ ခရိုနီ ခရိုပြာပြသနာ၊ တရားဥပဒေ မစိုးမိုးမှု၊ အကြမ်းဖက်မှုဖြစ်ရပ်တွေမှာ တာဝန်အရှိဆုံးသူ၊ ပြည်တွင်းစစ်ကို မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်နဲ့ အသက်ဆက်နေနိုင်သူ၊ တိုင်းရင်းသားတွေကို Divide and Rule ဆက်လက်လုပ်ထားနိုင်သူ စသည်တွေအပြင် နှစ်နှစ်ဆယ်လုံးလုံး အင်အားသုံးပြီး ဘယ်လိုအကြမ်းဖက်နည်းမျိုးနဲ့မှ ဖိနှိပ်ဖြိုခွဲလို့ မရခဲ့တဲ့ ဒီမိုကရေစီ အတိုက်အခံတွေ အများစုကြီးရဲ့ Moral Authority ကို တစ်စစီဖြစ်သွားအောင် ဆွဲဆုတ်ပြစ်နိုင်သူလည်း ဖြစ်တယ်။

အတိုက်အခံတွေရဲ့ Moral Authorityကို တစ်စစီဖြစ်သွားအောင် လုပ်နိုင်ခဲ့တယ်လို့ဆိုတာကို တချို့ သဘောတူကြမယ် မထင်ဘူး။ ကောင်းပါပြီ။ သဘောမတူကြရင်တောင်၊ ပွင့်လင်းလာတဲ့ ယနေ့အချိန်အခါမျိုးမှာ သူလို နောက်ခံသမိုင်းကြောင်းရှိခဲ့သူက ကာလတိုလေးအတွင်းမှာ ပြည်သူရဲ့ ပြင်းထန်သော ဆန့်ကျင်မှုကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့တဲ့အပြင် ပြည်တွင်း၊ ပြည်ပမှာ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်မျိုးနဲ့ နိုင်းယှဉ် လေးစား သတ်မှတ်ဖေါ်ပြခံလာရအောင်အထိ စွမ်းဆောင်နိုင်မှုနှင့် အတိုက်အခံဒီမိုကရေစီ အုပ်စုတစ်ခုလုံးကို မိမိစိတ်တိုင်းကျ ကစားကွက်အတိုင်း လိုလိုလားလား ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင် (Subdue) နိုင်ခဲ့တယ်ဆိုတာက နည်းတဲ့ အရည်အချင်း မဟုတ်ရပါဘူးဗျာ။ ဒုတ်နဲ့ ရိုက်လို့ဘဲ ရရ၊ ဓါးနဲ့ ခုတ်လို့ဘဲ ရရ၊ ချော့လို့ဘဲ ရရ၊ ချောက်လို့ဘဲ ရရ၊ ဘယ်လိုနည်းနဲ့ ရရ၊ ရအောင်လုပ်ဆောင်နိုင်တယ်ဆိုတာက အသိအမှတ်ပြု လေးစားပေးရမဲ့ နိုင်ငံရေး ဧတဒဂ်ရ အရည်အချင်းဖြစ်ပါတယ်။

အခုဘဲကြည့်လေ။ ၁၉၆၆ခုနှစ်က အမေရိကန်သမ္မတဂျွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်ဖြူတော်ခရီးစဉ်အပြီးမှာ ဘယ်မြန်မာ့အကြီးအကဲမှ အိမ်ဖြူတော်ကို ချေချခွင့် မရခဲ့ပါဘူး။ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ အိုဘားမားက ဖိတ်ကြားရတယ်ဆိုကတည်းက ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအရည်အချင်းကို ချစ်သူကော၊ မုန်းသူပါ၊ ထောက်ခံသူကော၊ ကန့်ကွက်သူပါ အသိအမှတ်မပြုလို့ မရနိုင်တော့ဘူး။ ဒါကြောင့် ကိုယ်မကြိုက်ပေမဲ့ တော်တာကို တော်တယ်ဘဲ ပြောရမှာဘဲ။

ကြုံတုန်းမှာ လက်ရှိ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးကစားကွက်တွေကတစ်ဆင့် နောင်လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းကို ဆွေးနွေးကြည့်ချင်ပါသေးတယ်။ အမှန်ကတော့ သိပ်ပြီး အလေးအနက်ထား ခေါင်းပူအောင် စဉ်းစားနေစရာတောင် မလိုတော့ပါဘူး။ ဖြစ်လာမဲ့ လမ်းကြောင်းတွေက သိသာထင်ရှားနေပါပြီ။

ဖဆပလနှစ်ခြမ်းကွဲတော့ ပါတီတည်ဆောက်ရေးကို အလေးမထားဘဲ၊ မိမိတစ်ကိုယ်ရည် စွမ်းဆောင်နိုင်မှုကိုသာ အာရုံများခဲ့တဲ့ ဦးနုဖက်မှာ တိုင်း၊ ခရိုင်၊ မြို့နယ်အဖွဲ့တွေ မရှိတော့ဘူး။ ဖဆပလပါတီ အောက်ခြေအကုန်လုံးလောက်က ပါတီတည်ဆောက်ရေးကို အချိန်ယူပြီး တကူးတကလုပ်နေခဲ့တဲ့ ဦးကျော်ညိမ်း၊ ဦးဗဆွေလက်ထဲရောက်ကုန်တယ်။ စကားကုန်ပြောရင် ဦးနု လစင်းချွတ်ဘဲ ကျန်ခဲ့တယ်။

နိုင်ငံရေး သုခမိန် ဦးနုဘာလုပ်ခဲ့သလဲ။ ၁၉၆၀ ရွေးကောက်ပွဲမှာ ရိုးရိုးပြိုင်ရင် ဦးနုရဲ့ သန့်ရှင်းဖဆပလ(နောင် ပထစ)က ဦးကျော်ညိမ်းတို့ရဲ့ တည်မြဲဖဆပလကို လုံးဝ မနိုင်နိုင်တာမို့ ဦးနုက ဘာသာရေးကဒ်နဲ့ လူထုကို စည်းရုံးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတောင် အတိအလင်းပယ်ချခဲ့တဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရေးကို ပွင့်ပွင့်လင်းလင်း ကတိပေးလိုက်ခြင်းဖြင့် ဦးနုက ဦးကျော်ညိမ်း၊ ဦးဗဆွေတို့ကို နိုင်ငံရေးဖြတ်ရိုက်ပြီး အငိုက်ဖမ်းလိုက်တယ်။ ဦးကျော်ညိမ်းအုပ်စုက နိုင်ငံတော်ဘာသာဆိုတာကို မလုပ်သင့်မှန်းသိလို့ မထောက်ခံနိုင်ဘဲ ကြက်သေသေ၊ အကြပ်ရိုက်ချိန်မှာ ဦးနုက တစ်နိုင်ငံလုံးမှာ ဘာသာရေးကို အသုံးချပြီး အင်အားကောင်းတဲ့ နိုင်ငံရေးအုဋ်မြစ်ကြီးကို အရှိန်အဟုန်နဲ့ အမြန်ဆောက်တည်နိုင်ခဲ့တယ်။ ရွေးကောက်ပွဲမှာ ဦးနုက ဘာသာရေး မဲပုံးထောင်လိုက်တော့ တစ်နိုင်ငံလုံးမှာ ရွှေဝါရောင်လွှမ်းသွားပြီး ဦးနုသမိုင်းမှာ အင်အားအများဆုံး လွှတ်တော်အမတ်တွေနဲ့ အင်အားအတောင့်တင်းဆုံး အစိုးရဖွဲ့စည်းနိုင်သည်အထိ စံချိန်တင် ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရတယ်။ သမိုင်းဖြစ်ရပ်မှန်ပါ။

ဒါကို သင်္ခန်းစာယူပြီး (တစ်ကယ်လည်း အဲဒီအကွက်အတွက် အခုကတည်းက ကြိုတင်လမ်းခင်း လုပ်ရပ်တွေကို မျက်စေ့မရှိသူတွေသာ မမြင်နိုင်ကြမှာပါ။)၂၀၁၅မှာ ကြံ့ဖွံ့က အမျိုး၊ ဘာသာ၊ သာသနာနဲ့ မဲပုံးထောင်ကြမယ်။ (ဥပဒေက ခွင့်မပြုထားသော်လည်း လက်တစ်လုံးခြား လှည့်လို့ရတယ်။ သူတို့က ဥပဒေ အထက်ကလည်း ဖြစ်တယ်လေ။) တစ်ဆက်တည်းမှာဘဲ ဒေါ်စုကို ပုဂိုလ်ရေးအရ တိုက်ခိုက်လာမယ်။ (ရွေးကောက်ပွဲဆိုတာ Survival of the Fittest ဖြစ်တယ်။ Gloves are Off ဖြစ်တယ်။ No Niceties ဖြစ်တယ်။) တိုင်းပြည်လုံခြုံရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသား အကျိုးစီးပွါးနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တစ်ကယ်ကာကွယ်နိုင်တာ၊ အမျိုးကို ချစ်တာ၊ တိုင်းပြည်ကို ချစ်တာက တပ်မှူးတွေ၊ တပ်မှူးဟောင်းတွေဖြစ်တယ် ဆိုလာရင်။

တစ်ဖန်၊ တိုင်းရင်းသားဒေသတွေမှာလည်း ၁၉၉၀ကာလမျိုးကို အိပ်မက်မမက်နိုင်တော့ဘဲ အင်အယ်လ်ဒီ လုံးဝ မရတော့ဘူးလို့ ကျနော်ထင်တယ်။ ပြည်နယ်တွေရှိ မြန်မာလူမျိုးတွေများတဲ့ အမတ်နေရာ အနည်းငယ်လောက်နဲ့ ပြည်မက မဲတွေကို အင်အယ်လ်ဒီက ကြံ့ဖွံ့၊ တစည၊ အခြားပါတီငယ်တွေနဲ့ ပြိုင်ကြရမယ်။ မြန်မာ့အတွေ့အကြုံအရ၊ ဘယ်လောက်ဘဲ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ခေါ်ကြစေ။ ညစ်တာ၊ ခိုးတာ၊ လိမ်တာတွေကတော့ အနည်းနဲ့ အများရှိအုန်းမှာဆိုရင်။

ဘယ်လိုဘဲတွက်တွက် ၂၀၁၅မှာ အင်အယ်လ်ဒီဟာ အမတ်တစ်ဝက်ကျော်ရဖို့က မလွယ်လှဘူး။ ဖွဲ့စည်းပုံပြင်ဖြစ်လို့ ဆိုရင်တောင် စစ်ဗိုလ်အမတ် ၂၅%ကို ပယ်ဖျက်ရေးမှာ RNDPလို တိုင်းရင်းသားပါတီက လက်မခံနိုင်ဘဲ တဖြေးဖြေးလျှော့ချရေးကို ထူးထူးခြားခြား ပြောလာတာကလည်း စိတ်မသက်မသာဖြစ်စရာပါ။ ဒါကြောင့် ကြံ့ဖွံ့က အမတ်လေးပုံ တစ်ပုံကျော်လေးရရင်တောင် အစိုးရနဲ့ လွှတ်တော်ကို ဆက်လက်ထိမ်းချုပ်နိုင်စရာတွေ မြင်နေရတယ်။

ဒါကြောင့် ၂၀၁၅မှာ လူထုက ကြံ့ဖွံ့ကို မုန်းတာနဲ့ ကျနော်တို့ အင်အယ်လ်ဒီကိုဘဲ မဲပေးလာကြမှာဘဲလို့ တစ်ဘီးထဲလှိမ့်ပြီး စိတ်ကူးဖဲရိုက်နေကြသူများ ရှိနေရင် စဉ်းစား(Think Again) ပါအုံးလို့ ကြုံတုန်း စေတနာကောင်းနဲ့ အကြံပြုလိုက်ပါရစေဗျာ။

credit_ကိုအောင်တင်