Pages

မြန်မာမွတ်စ်လင်မ် လူမျိုးတုန်းသုတ်သင်ရေး ဆိုင်ရာညီလာခံ (ဆုံးဖြတ်ချက်)

Translated by Robert Elhose

မြန်မာမွတ်စ်လင်မ် ဂျီနိုဆိုက် ညီလာခံကို အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ ကာလ်ဗာစီးတီးတွင် ၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင်း မွတ်စ်လင်မ် များအပေါ် ပစ်မှတ်ထား မျိုးဖြုတ်သုတ်သင်မှု ပုံစံအထိ ပြုမူလာနေမှုအား အာရုံစိုက် ဆွေးနွေး ခဲ့ကြသည်။ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၊ အပါအ၀င် ပရိသတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြပြီး အမေရိကန် ဆီးနိတ် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ကလည်း ထောက်ခံကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။

ယင်းညီလာခံမှ အောက်ပါဆုံးဖြတ်ချက် ၁၀ ချက် ကို ချမှတ် နိုင်ခဲ့ကြသည်။

"မြန်မာမွတ်စ်လင်မ် လူမျိုးတုန်းသုတ်သင်ရေး ဆိုင်ရာညီလာခံ (ဆုံးဖြတ်ချက်)"
လော့စ်အိန်ဂျလိစ်၊
ကယ်လီဖိုးနီးယား ပြည်နယ်၊
အမေရိကန်ပြည်ထောင်စု၊
ဇွန်လ ၉ ရက်၊ ၂၀၁၃။

မြန်မာနိုင်ငံတွင် မွတ်စ်လင်မ် လူ့အသိုင်းအ၀န်းနှင့် ရိုဟင်ဂျာ လူမျိုးများ အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အားလုံးကို အလေးအနက် မှတ်တမ်းပြုထားသည်။ ကုလသမဂ္ဂ၏ လူမျိုးတုန်းသုတ်သင် ရာဇ၀တ်မှုများ တားဆီးရေး နှင့် ပြစ်ဒဏ်ချမှတ်ရေး ပဋိညာဉ် အပိုဒ်(၂) ပါ အခြေခံမူများ အရဆိုလျှင် မြန်မာပြည်တွင် လုပ်ဆောင်နေကြသည့် လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်သည့် ရာဇ၀တ်မှု များသည် "လူမျိုးတုန်း သုတ်သင်မှု (Genocide)" အဆင့်ထိ တက်လှမ်းလာခဲ့ ကြောင်းတွေ့ရသည်။

မြန်မာမွတ်စ်လင်မ် လူမျိုးတုန်း သုတ်သင်မှုဆိုင်ရာ ညီလာခံ (MMGAC) အနေဖြင့် မြန်မာမွတ်စ်လင်မ် များနှင့် ရိုဟင်ဂျာ များအပေါ် ကျူးလွန်နေကြသည့် လူမျိုးတုန်းသုတ်သင်မှု များအားရှောင်လွှဲ ကာကွယ် နိုငိရန် အလို့ငှာ အောက်ပါ ဆုံးဖြတ်ချက် များအား ကြေညာချက်ထုတ်ပြန်ပါသည်။

၁။ လူမျိုးတုန်းသုတ်သင်မှု အဆင့်ထိ တက်လှမ်းလာနေသည့်၊ မြန်မာပြည်သား မွတ်စ်လင်မ်များ အပေါ် အကြမ်းဖက်မှု များအား ယခုညီလာခံမှ အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ရှုတ်ချပါသည်။ မြန်မာမွတ်စ်လင်မ်များ နှင့် ရိုဟင်ဂျာများအား အစိုးရမှ အပြည့်အ၀ အကာအကွယ်ပေးရန်နှင့် တရားဥပဒေ စိုးမိုးမှု ဖော်ဆောင်ပေးရန် တောင်းဆိုသည်။

၂။ မြန်မာမွတ်စ်လင်မ်များနှင့် ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထား အကြမ်းဖက် ခဲ့သူများအား မြန်မာအစိုးရ အနေဖြင့် တရားဥပဒေအရ အရေးယူ ပေးရမည်။

၃။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာမွတ်စ်လင်မ် လူ့အဖွဲ့အစည်း နှင့် ယင်း၏ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း (အင်န်ဂျီအို) များ စသည်တို့၏ လုံခြုံမှုကို မြန်မာအစိုးရက အပြည့်အ၀ တာဝန်ယူပေး ရမည်။

၎။ နိုင်ငံအတွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နေရာတိုင်းသို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များ အပြည့်အ၀ ၀င်ရောက်စစ်ဆေးမှု ကို မြန်မာအစိုးရ က ခွင့်ပြုရမည်။

၅။ ပဋိပက္ခအတွင်း နေရာရွှေ့ပြောင်း ခံရသူများ အနေဖြင့် ၄င်းတို့၏ မြေယာ၊ ပိုင်ဆိုင်မှု များ ရှိရာသို့ အစိုးရမှ ပြန်သွားခွင့် ပြုရန်။ ၄င်းတို့၏ ဆုံးရှုံးသွားသော အိုးအိမ်များ၊ ၀တ်ပြုရာ နေရာများအား နကိုယ်အတိုင်း ပြန်လည် တည်ဆောက်ပြုပြင် ခြင်းကို အစိုးရမှ ခွင့်ပြုရန်၊ ရခိုင်ပြည်နယ် အပါအ၀င် တစ်တိုင်းပြည်လုံး တွင် ပိတ်ပင်ခံထားရ သည့် မွတ်စ်လင်မ်တို့၏ ၀တ်ပြုရာ ဘာသာရေး အဆောက်အအုံ များအား ပြန်လည် ဖွင့်လှစ်ပေးရန်၊
ရိုဟင်ဂျာလူမျိုး များအား သင့်တင့်လျှောက်ပတ်သော သုဿာန်နေရာ များ၌ ၄င်းတို့၏ ဘာသာရေး ဓလေ့ထုံးစံ နှင့်အညီ သဂြိုဟ် ခြင်းကို ခွင့်ပြုရန်။

၆။ ရိုဟင်ဂျာ လူမျိုးများသည် မြန်မာ နိုင်ငံတွင်း မူလဘူတ တိုင်းရင်းသား လူမျိုးများထဲမှ တစ်မျိုး အပါအ၀င် ဖြစ်ကြောင်းကို အစိုးရမှ ပြန်လည် အသိအမှတ်ပြုပေးရမည်။ ၄င်းတို့်၏ စစ်မှန်သော နိုင်ငံသားဖြစ်မှု အခွင့်အရေးအား အသိအမှတ်ပြုရမည်။ မြန်မာနိုင်ငံသား မွတ်စ်လင်မ် များအား အခြားသော မြန်မာ နိုင်ငံသားများ နည်းတူ အခွင့်အရေး တန်းတူ ရှိစေရမည်။

၇။ ၉၆၉ အကြမ်းဖက်ကွန်ရက်အား အစိုးရအနေဖြင့် မတရားသင်း ကြေညာပေးရန်၊ မြန်မာနိုင်ငံ တွင်းနှင့် အရှေ့တောင်အာရှ ဒေသသို့တိုင်အောင် အကြမ်းဖက်လုပ်ရပ်များ ဖြန့်ကြက် လာနေခြင်းအား မြန်မာအစိုးရမှ အရေးယူဆောင်ရွက်ပေးရန်။

၈။ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရများ အနေဖြင့် ၉၆၉ အုပ်စုအား အကြမ်းဖက်အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ပေးရန်၊ ၄င်းတို့နှင့် ပူးပေါင်းဆောင်ရွက် နေသူများအပေါ် စီးပွားရေး ပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ် အရေးယူရန်။ ကျွန်ုပ်တို့မှ အနူးအညွတ် မေတ္တာရပ်ခံ ပါသည်။

၉။ ရိုဟင်ဂျာလူမျိုး များနှင့် မြန်မာမွတ်စ်လင်မ် များအပေါ် ကျူးလွန်ခဲ့သည့် မျိုးဖြုတ်သုတ်သင်ရေး အကြမ်းဖက်မှုများ နှင့်စပ်လျဉ်းပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှ ကြားနာစစ်ဆေးပေးရန် ကျွန်ုပ်တို့မှ မေတ္တာရပ်ခံ ပါသည်။

၁၀။ မြန်မာမွတ်စ်လင်မ် များအပေါ် လူမျိုးတုန်း သုတ်သင်သည့် ပြစ်မှုများ ကျူးလွန်ရာတွင် မြန်မာ အစိုးရအဖွဲ့ အတွင်းမှ အရာရှိကြီးများသည် ဗုဒ္ဓဘာသာ အစွန်းရောက်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါသည်။ အဆိုပါပုဂ္ဂိုလ် များအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) သို့ ပို့ဆောင် စစ်ဆေးနိုင်ရေး အတွက် နိုင်ငံတကာ မိသားစု အနေဖြင့် ဥပဒေရေးရာ ကျွမ်းကျင်သူ ပညာရှင်များ နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက် ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။
Ref :MMM