ရိုဟင်ဂျာလူမျိုးတွေကို ကလေး (၂)ဦးသာ ယူခွင့်ပြုဖို့ ရခိုင်ပြည်နယ်က
မြို့နယ် (၂)ခုမှာ ထုတ်ပြန်ထားတဲ့ ဒေသန္တရဥပဒေကို ပြန်လည်ဆန်းစစ်မှာ
ဖြစ်တယ်လို့ မြန်မာအစိုးရပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
ပြောဆိုခဲ့တယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဦးရဲထွဋ်က ပြောဆိုရာမှာ ဗဟိုအစိုးရအနေနဲ့
ဒီလိုဥပဒေမျိုး ထုတ်ပြန်ခဲ့တာ မဟုတ်ကြောင်း၊ ဒီဒေသန္တရဥပဒေကို
ပြန်လည်ဆန်းစစ်မှာ ဖြစ်ကြောင်းနဲ့ ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေရဲ့ အရေအတွက်ဟာ
များပြားလွန်းနေတဲ့အတွက် မိသားစုတွေ အကြား စီးပွါးရေး၊ လူမှုရေးဆိုင်ရာ
ပြသနာတွေရှိနေတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံအတွင်း
လွတ်လပ်စွာ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတဲ့အတွက် ယခုလို
ဒေသတစ်ခုတည်းမှာပဲ လူဦးရေများပြားစွာ နေထိုင်နေရတယ်ဆိုတဲ့
အကြောင်းအရင်းကိုတော့ ဦးရဲထွဋ်က ထိန်ချန်ပြောဆိုသွားတာပါ။ ဒါ့အပြင်
မြန်မာအစိုးရပိုင်းအနေနဲ့ လူဦးရေကန့်သတ်ခြင်းဆိုင်ရာ ဥပဒေတွေကို နိုင်ငံတကာ
စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်ဖို့
ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာလူမျိုးတွေကို
ကလေး (၂)ဦးသာ ယူခွင့်ပြုဖို့ ထုတ်ပြန်တဲ့ ဒေသန္တရဥပဒေကို ကုလသမဂ္ဂအဖွဲ့၊
အမေရိကန်နိုင်ငံ အပါအဝင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မျှတမှုမရှိကြောင်း
ဝေဖန်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ကတော့ ဒီဥပဒေကို ပယ်ဖျက်ဖို့အထိ မြန်မာအစိုးရကို
တောင်းဆိုခဲ့ပါတယ်။ ဒီလို ဝေဖန်မှုတွေ၊ ဖိအားပေး တောင်းဆိုမှုတွေ
ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ယခုလို မြန်မာအစိုးရပိုင်းက ဒီဥပဒေကို
ပြန်လည်ဆန်းစစ်မှာ ဖြစ်တယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးမှာ
နှုတ်ဆိတ်နေတယ်လို့ ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က
ဒီဥပဒေဟာ လူ့အခွင့်အရေးနဲ့ ဆီလျော်မှုမရှိကြောင်း ပြောဆိုလိုက်တဲ့ အတွက်လည်း
ရခိုင်လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် အပေါ် ရှုံ့ချဝေဖန်မှုတွေ
ပြုလုပ်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့
မြို့နယ် (၈)မြို့နယ်ကလည်း ရိုဟင်ဂျာတွေကို ကလေး (၂)ဦးသာ ယူခွင့်ပြုဖို့
ထုတ်ပြန်တဲ့ ဥပဒေကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို
ဗဟိုအဖွဲ့ချုပ်ကိုလည်း စာတင်ထားကြောင်း သိရှိရပါတယ်။
၂၀၁၂ ခုနှစ်အတွင်း ရခိုင်အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် ၁၄၀,၀၀၀ ခန့်ရှိခဲ့ပြီး ဒုက္ခသည်အများစုဟာ ရိုဟင်ဂျာလူမျိုးတွေ ဖြစ်ပါတယ်။
ref : M M V