Pages

ကျောက်ဆည်တွင်လက်မှတ်တုဖြင့်လှုံဆော်သူများအား ဖော်ထုတ်အရေးယူ မည်

ဇွန်လ ၂၁ ရက် ၊ ၂၀၁၃ ခုနှစ်

ကျောက်ဆည်တွင် ပဋိပက္ခများဖြစ်ပွားစေရန် အစ္စလာမ်ဘာသာဝင်များ မှ ဖြန့်ဝေသည့်ဟန်ဖြင့် စာရွက်များအသုံးပြုကာ လိုက်လံလှုံ့ဆော်နေသူများ အား ဖော်ထုတ်အရေးယူသွားမည်ဟု ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျောက်ဆည်မြို့အနီးပတ်ဝန်းကျင်ရှိ ဆူးကုန်း၊ တောင်နံ့သာ၊ ငှက်ကတောင်ရွာ စသည်တို့တွင် ယင်းစာရွက်များ ကို ဆိုင်ကယ်ဖြင့် လာရောက်ဖြန့်ကျဲခဲ့သည်နှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေး မှူးက ကျောက်ဆည်မြို့နယ် ဓမ္မာရုံတွင်ကျင်းပခဲ့သည့် ဆရာတော်ကြီးများ၏ သြ၀ါဒခံယူပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရွက်များ၌ လက်ပံရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်စိုးအမည်နှင့် လက်မှတ်အတုများကိုသုံးစွဲကာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟူ၍ အစ္စလာမ်ဘာ သာဝင်များမှ တိုက်တွန်းသယောင်ဖြင့် ရေး သားဖော်ပြထားသည်။

“ဒီကြေညာချက်ကို ဘယ်မွတ်စ်လင်မ်မှ အယုံအကြည်မရှိ ပါဘူး။ မြန်မာ မွတ်စ်လင်မ်တွေအတွင်းမှာ အဲဒီလို သဘောထားမျိုး လုံးဝမရှိဘူးဆိုတာ အားလုံးသိပါတယ်” ဟု ကျောက်ဆည်မြို့ခံ မွတ်စ်လင်မ်တစ်ဦးက ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက “ဒီလိုဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေဖြစ်အောင်လုပ်နေ သူတွေကို ရှာဖွေပြီး ဖော်ထုတ်အရေးယူ သွားမှာပါ။ ကျွန်တော်တို့ ဒေသ မှာ နှစ်ဖက်ဘာသာဝင်တွေ ချစ်ချစ်ခင်ခင်နေလာခဲ့ကြတာပါ” ဟု ပြောသည်။

အဆိုပါသြ၀ါဒခံယူပွဲသို့ သက်ဆိုင်ရာဘာသာဝင်များ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးများက အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တစ်သားတည်း ဖြစ်ရန်လိုကြောင်းနှင့် ဆူပူ မှုဖြစ်အောင် ပြုလုပ်သူများကို ဖော်ထုတ်အရေးယူရန် လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)/မြန်မာခရိုနီကယ်