ယနေ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ညပိုင်းတွင် ဟစ်ဂ်ျရီ ၁၄၃၄ ခုနှစ်၊
လမြတ်ရမဿွာန် ဥပုဒ်လ၀င်/မ၀င်အတွက် အစ္စလာမ်ဘာသာဝင်များ၏ သာသနာ့ပဉာတ်တော်အရ
လကြည့်ရှု၍ ဆုံးဖြတ်ကြပါသည်။
ယင်းဆုံးဖြတ်မှုအား မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဒေသခံမွတ်စလင်မ်များမှ နေ၀င်ပြီးနောက်ပိုင်း ကြည့်ရှုကြပြီးနောက် ရန်ကုန်မြို့အခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ယင်းသတင်းအား အတည်ပြုခဲ့ကြပါသည်။
ရန်ကုန်မြို့ (၂၈)လမ်းရှိ အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်ရုံးခန်းတွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆရာတော်ကြီးများ စုရုံးရောက်ရှိနေကြပြီး အနယ်နယ်အရပ်ရပ်ရှိ လသတင်းများအား စောင့်စိုင်း၍ မှန်ကန်ကြောင်း စိစစ်သုံးသပ်ပြီးနောက် ယနေ့ လ မမြင်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အလင်းမျက်ဝန်းသတင်းထောက်မှ သတင်းပေးပို့ခဲ့ပါသည်။
အိုလမာ ရုံးခန်းတွင် သာသနာ့ပညာရှင် ဆရာတော်ကြီးများစွာအနက် ဆရာတော်ကြီး မောင်ဝ်လာနာ ဟေဒါယာသွလ္လာဟ်၊ ဆရာတော်ကြီး မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာ၊ အိုလမာအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ဆွာလေး၊ ဒုဥက္ကဋ္ဌ ဆရာတော် မောင်ဝ်လာနာ ယူစွတ်ဖ်၊ အတွင်းရေးမှူး ဆရာတော် မောင်ဝ်လာနာ ကာစင်မ်၊ ဓမ္မကထိက ဆရာတော် မွတ်ဖ်သီ အစ္စမာအီလ်၊ ဓမ္မကထိက ဆရာတော် မောင်ဝ်လာနာ အရှ်ရဖ်အလီ၊ ဆရာတော် မောင်ဝ်လာနာ ဟာရွန် တို့ အသင့်ရောက်ရှိပြီးနောက် ယင်းဆုံးဖြတ်ချက်အား ချမှတ် အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက် ကြာသပတေးနေ့သည် လမြတ်ရမသွာန် (၁) ရက်နေ့ ဖြစ်ကြောင်း ဒေသအသီးသီးမှ လမမြင်ကြောင်း ခိုင်လုံသည့် သတင်းများအရ ဓမ္မသတ်မှူးချုပ်၏ လက်မှတ်ထိုးဖြင့် ဆုံးဖြတ်ကြေငြာခဲ့ကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံရှင်းလင်းချက် » အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ်ရုံးခန်းတွင်
လသတင်းစီစစ်အတည်ပြုနေသည့် သာသနာ့ပညာရှင်ကြီးများနှင့် ဆုံးဖြတ်ချက်ကို
လာရောက်နားထောင်နေသည့် မွတ်စလင်မ်များ၊ လသတင်းဆုံးဖြတ်ကြေငြာချက်
မူရင်းစာရွက် ( ဓါတ်ပုံ - TKKO / အလင်းမျက်ဝန်း )