ဘာသာပြောင်းပြီး မမှန်သတင်းပေးခဲ့သူ ဦးလှမြင့် အစ္စလာမ့်အခြေခံတရားပင် မသိသူပာု အစ္စလာမ့်ဓမ္မသတ်မှုးများသုံးသပ်
အစ္စလာမ်တွင် ၅ ပါးသီလထက်ပိုများသည့် ဘ၀လမ်းညွန်ချက်များရှိကြောင်း ဒေါက်တာမြင့်သိန်းပြောကြား
မိုးပြာ
ဇန်န၀ါရီ ၃ ၊၂၀၁၄
အစ္စလာမ်ဘာသာဝင်စစ်စစ်မှတဆင့် ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့သူလို့ ဆိုတဲ့
ဦးလှမြင့်က "ဗုဒ္ဓဘာသာဆိုလို့ရှိရင် ငါးပါးသီလမှာ သူတစ်ပါးအသက်ကို မသတ်ရဘူး
။သူတစ်ပါးဥစ္စာကို မခိုးရဘူး။သူတစ်ပါးသားမယားကို မကျူးလွန်ရဘူး။မုသာဝါဒ
မပြောရဘူး။သေရည်သေရက် မသောက်ရဘူးလို့ အချက် ငါးချက်ပါရှိတယ်။အဲတော့
သူတို့ဘာသာမှာတော့သေရည်သေရက် မသောက်ရတာပဲပါရှိ တဲ့အတွက်ကြောင့်
သူကိုယ်တိုင်ပြောတဲ့ စကားတစ်ခွန်းက ကိုယ်ချင်းစာစိတ်မရှိဘူးလို့
ဦးဇင်းကိုလျှောက်ခဲ့ပါတယ်"လို့
မကွေးဆရာတော် ဦးပါမောက္ခကို ပြောကြားခဲ့ကြောင်း ဦးပါမောက္ခရဲ့
ပြောကြားချက်ကိုကိုးကားပြီး မြန်မာပို့စ် ဂျာနယ် အတွဲ ၆ အမှတ် ၁
ဗုဒ္ဓအဆုံးအမအောက်သို့ ၀င်ရောက်လာသူများ ဆိုတဲ့သတင်းဆောင်းပါးမှာ
ဖေါ်ပြထားပါတယ်။
"ဒီအကြောင်းတွေကိုပြောနေတဲ့ပုဂ္ဂိုလ်က ဘယ်သူမှန်းတော့ ကျွန်တော်မသိဘူး။ကျွန်တော် သေသေချာချာပြောနိင်တာကတော့ ဒီပုဂ္ဂိုလ်သည် အစ္စလာမ်တရားတော်နဲ့ပတ်သက်ပြီးတော့ တလုံးတစ်ပါဒမှ နားမလည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာတော့ အင်မတန်ထင်ရှားပါတယ်"လို့လည်း ဆရာဦးအေးလွင်က မြန်မာမွတ်စလင်မ်မီဒီယာရဲ့ ဆက်သွယ်မေးမြန်းချက်တစ်ရပ်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"တကယ်တမ်းကြတော့ ငါးပါးသီလတင်မကဘူး၊ ဟောကြားချက်၊ ရှောင်ရှားရမယ့်ကိစ္စတွေ၊
ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ မပြုမနေရဆိုတာတောင်ရှိတယ်၊
ပြုကိုပြုရမယ်ဆိုတာရှိတယ်၊ မပြုမနေရဆိုတဲ့ ကိစ္စ ကို မပြုလုပ်ရင်ပစ်ဒဏ်ခတ်၊
ရှောင်ရမယ် လုံးဝရှောင်ရမယ်ဆိုတဲ့ ကိစ္စကို မရှောင်ရင်လည်း ပစ်ဒဏ်ပဲ၊
နောက်တစ်မျိုးက ပြုရင်ကောင်းတယ်ပြုသင့်တဲ့ကိစ္စမျိုး၊
နောက်တစ်မျိုးက သာမာန်အားဖြင့် မိမိရဲ့ ကြည်ညိုမှုရဲ့ ဆောင်ရွက်တာမျိုး
ဒါအစ္စလာမ်ရဲ့ တရားတော်မှာ ရှိပြီးသားပါ၊ တစ်ကယ်တမ်းကြတော့ ငါးပါးသီလထက်
အမြောက်အမြားရှိနေပြီးသားပါ"လို့လည်း အလ်ပာာ့ဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင် စစ်စစ်အဖြစ်မှ တဆင့် ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းသူလို့
မြန်မာပို့စ် ဂျာနယ်မှာဖေါ်ပြထားတဲ့ ဦးလှမြင့်ရဲ့
ပြောကြားချက်တွေနဲ့ပတ်သက်လို့လည်း ဒေါက်တာမြင့်သိန်းက အောက်ပါအတိုင်းမှတ်ချက်ပြုထားပါတယ်။
"အဲ့ဒီပုဂ္ဂိုလ်အနေနဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့တုန်းက အစ္စလာမ်တရားများကို အခြေခံသဘောလောက်တောင် မလေ့လာဘူးလို့ပဲ ဖြစ်ပါလိမ့်မယ်"
ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့ပြီး ယခုအခါမှာတော့ သားသမီး ၃
ဦးအပါအ၀င် မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲကို ကျင်းပခဲ့တဲ့
ဦးလှမြင့်တို့မိသားစုအကြောင်းကို ဖဘစာမျက်နှာတွေအပြင် ဗုဒ္ဓဘာသာဦးစားပေး ပြည်တွင်းဂျာနယ်အချို့မှာလည်း ဖေါ်ပြထားပါတယ်။
မြန်မာမွတ်စလင်မ်မီဒီယာက အထက်ပါကိစ္စရပ်နဲ့ပတ်သက်လို့ မြန်မာမွတ်စလင်မ်
အစ္စလာမ့် ဓမ္မသတ်မှုးတွေဖြစ်တဲ့ ဆရာဦးအေးလွင်နဲ့ ဒေါက်တာမြင့်သိန်းတို့ကို
ဆက်သွယ်မေးမြန်းထားချက်အပြည့်အစုံကိုလည်း ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီတွေ့ဆုံမေးမြန်းချက်တွေကိုတော့ မြန်မာမွတ်စလင်မ်မီဒီယာရဲ့ CJ တစ်ဦးဖြစ်တဲ့ ကိုပေါက်က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲခံယူခဲ့သည့် ဦးလှမြင့် မိသားစုပုံကို မြန်မာပို့စ် ဂျာနယ်တွင်ဖေါ်ပြထားပုံ။ဓာတ်ပုံ- ကိုပေါက်
ref :Myanmar Muslim Media