Pages

တန်ဖိုးအရှိဆုံး လက်ဆောင်

တစ်ခါတော့ သားဖြစ်သူဟာ ဖခင်ဖြစ်သူဆီကို ရောက်လာသတဲ့။ သူ့မိန်းမနဲ့ သူနဲ့ အဆင်မပြေမှုတွေ အခုတလော ဖြစ်ဖြစ်နေတယ် ဒါကြောင့်မို့လို့ သူ့မိန်းမမွေးနေ့မှာ တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခု ပေးချင်သတဲ့။

အဲဒီတော့ သူ့သားဟာ သူ့အဖေကို အကြံဉာဏ်တောင်းဖို့ လာခဲ့တယ်။ဘာလက်ဆောင်ပေးရင်ကောင်းမလဲပေါ့။သူ့အဖေကို အကြောင်းစုံရှင်းပြပြီးတော့ မေးတယ်။

အဲဒီအခါသူ့အဖေက ဘာပေးဖို့ ရည်ရွယ်ထားလဲလို့ မေးလိုက်သတဲ့။သူကတော့ လက်ဝတ်ရတနာတွေ၊ဈေးကြီးတဲ့ အ၀တ်အထည်တွေ အစသဖြင့်ပြန်ဖြေသတဲ့

အဲဒီအခါမှာ သူ့ဖေက " ငါ့သား မင်းသူ့ကို တကယ်ချစ်ရဲ့လား " လို့မေးသတဲ့။ သူ့သားကတော့ ချစ်တာပေါ့ ဟုပြန်ဖြေတယ်။

" မင်းတကယ်ချစ်တဲ့ သူကို ပေးဖို့လက်ဆောင်က ဈေးအကြီးဆုံး လက်ဝတ်ရတနာတွေလဲမဟုတ် အ၀တ်အစားတွေလဲမဟုတ် သူ့ကို မင်းရဲ့ အချိန်တွေ ပေးလိုက်ပါ သူဝမ်းသာလာပါလိမ့်မယ်။ များသော အားဖြင့် အိမ်ထောင်ရှင်တွေဟာ အလုပ်ကိစ္စတွေ များလွန်းတဲ့ အတွက် ချစ်ခင်တဲ့ သူတွေနဲ့ အချိန်တွေ ကုန်ဆုံးဖို့ကို မေ့နေကြတယ်။ အဲဒီ ချစ်ခင်တဲ့ သူတွေ မရှိတော့မှ သူနဲ့အတူ မသုံးလိုက်ရတဲ့ အချိန်တွေ ကို နှမြောတမ်းတ တတ်ကြတယ်။ အဲဒီတော့ မင်းမှာ အချိန်ရှိသေးတယ် နောက်မကျသေးပါဘူးကွာ"

သားဖြစ်သူလဲ သဘောပေါက်သွားပြီးတော့ မိန်းမဖြစ်သူရဲ့ မွေးနေ့မှာ နှစ်ယောက်သား ပျော်ပွဲစားထွက်ပြီးတော့ အချိန်တွေကို အတူကုန်ဆုံးလိုက်ကြပါတယ်။

(ဒီ အဖြစ်အပျက်ကလေးကတော့ လင်မယားဇတ်လမ်းလေးပေါ့။ဒါပေမယ့် ဒီထဲမှာ အဖေဖြစ်သူပြောသွားတဲ့ ချစ်သူခင်သူတွေဆိုတာ လင်မယားမှ မဟုတ်ပါဘူး။ မိဘတွေ၊သားသမီးတွေ၊ညီအကို မောင်နှမတွေ အားလုံးကို ရည်ညွန်းပြိးပြောသွားတာဖြစ်ပါတယ်။)