Pages

Skype ၏ Twitter နှင့် Facebook အကောင့်ကို ဆီးရီးယား ဟက်ကာအဖွဲ့ တိုက်ခိုက်


- ဆီးရီးယားရှိ ဟက်ကာအဖွဲ့ တစ်ခုဖြစ်သည့် SEA က မိုက်ခရိုဆော့ဖ်မှ ပိုင်ဆိုင်ထားသည့် Skype ၏ ဘလောဂ့်နှင့် ဆိုရှယ် မီဒီယာရှိ အကောင့်များအား ယမန်နေ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး၊ ပြည်သူများအား စောင့်ကြည့်ထောက်လှမ်းခြင်းများကို မပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။

Skype ၏ Twitter အကောင့်နှင့် Facebook အကောင့်များအား SEA မှတိုက်ခိုက်အပိုင်စီးခဲ့ပြီးနောက် Facebook စာမျက်နှာတွင် "မိုက်ခရိုဆော့ဖ်ရဲ့ အီးမေးများ (Hotmail, outlook) များကို မသုံးပါနှင့်။ သူတို့တွေဟာ ခင်ဗျားတို့ရဲ့ အကောင့်တွေကိုစောင့်ကြည့်ပြီး အမေရိကန် အစိုးရဆီကို ရောင်းချနေတယ်။ အသေးစိတ် အချက်အလက်များ မကြာမီလာမည် #SEA" ဟု ရေးသားခဲ့သည်။

သို့သော်လည်း တိုက်ခိုက်ပြီး ၂ နာရီခန့်အကြာတွင် တာဝန်ရှိသူများက ထိုမက်ဆေ့ခ်ျများအား ဖျက်ပစ်ခဲ့ပြီး ပုံမှန် အတိုင်း ပြန်လည်ကြည့်ရှုနိုင်ခဲ့သည်။ အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ၏ လျှို့ထောက်လှမ်းမှုများကို ဖွင့်ချခဲ့သည့် အက်ဒ၀ပ်စနိုးဒင်က Skype အသုံးပြုသူများ၏ ဗီဒီယိုခေါ်ဆိုမှုများနှင့် ဖုန်းခေါ်ဆိုမှုများအား အမေရိကန်အစိုးရမှ စောင့်ကြည့်နိုင်ရန် Skype ကုမ္ပဏီက အခွင့်ပေးထားသည်ဟု ပြောကြားထားမှုများ ရှိသောကြောင့် SEA က ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။