ဒလတွင် သာမန်လူသတ်မှုဖြစ်ပွားခြင်းအား ဘာသာရေးပဋိပက္ခဖြစ်သည်ဟု ကောလာဟာလ သတင်းများပျံ့နှံ့ခဲ့
မောင်ရေချမ်း ဧပြီ(၁၇)၊၂၀၁၄
ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ် တွင် ယမန်နေ့ညက လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ပြီး ဘာသာရေးအစွန်းရောက်သူများ ၏ မဟုတ်မမှန်သတင်းလွှင့်မှုများကြောင့် ဘာသာရေးပဋိပက္ခအသွင်ဆောင်သော ပြသနာတစ်ရပ်အဖြစ် ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာများမှတဆင့် သတင်းပျံ့နှံ့ခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၇း၀၀ နာရီအချိန်ခန့်တွင် ဒလမြို့၊ကမာကဆစ်ရပ်ကွက်၊
မင်းရဲကျော်စွာလမ်းတွင် ကလေးများ လမ်းပေါ်တွင်ဘောလုံးကစားရာမှ ဦးစံသိန်း ၏
မြေးဖြစ်သူ ကန်လိုက်သောဘောလုံးသည် အိမ်ချင်းကပ်လျက်ရှိသော ကိုသံမဏိ ၏
ခြံတွင်းသို့ရောက်ရှိသွားပြီး ၄င်းဘောလုံးအားကိုသံမဏိမှ
ဓားဖြင့်ခုတ်ပစ်လိုက်သည်ကို ဦးစံသိန်း၏ သမက်ဖြစ်သူ ကိုလှိုင်ဝင်းမှ
ဝင်ရောက်ပြောဆိုရာမှ အခြေအတင်ဖြစ်ကာ ကိုသံမဏိနှင့် ၄င်း၏သမက်ဖြစ်သူ
မှုန်ကြီး ဆို သူမှဦးစံသိန်း၏အိမ်ပေါ်သို့တက်ကာအိမ်တွင်းရှိလူများအားဓားဖြင့်လိုက်လံခုတ်ခဲ့သည် ဟု မျက်မြင်ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာသို့ ပြောသည်။
ယင်းကဲ့သို့ ဓားဖြင့်ခုတ်သဖြင့် ဦးစံသိန်း၏သမီးဖြစ်သူ မငွေရီအေး၊အသက်
(၂၅)နှစ်မှာ သေဆုံး ခဲ့ပြီး ၄င်း၏အမဖြစ်သူ မမြင့်မြင့်ခင်မှာ
နားရွက်ပြတ်ခဲ့ပြီး ဦးစံသိန်း၊ကိုလှိုင်ဝင်းတို့မှာ လည်းဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းနှင့် ပြန်လည်ခုခံခဲ့မှုကြောင့် ကိုသံမဏိနှင့် မှုန်ကြီးတို့လည်းဒဏ်ရာအနည်းငယ်ရှိခဲ့ကြောင်းကိုလည်း ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာသို့ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုသံမဏိနှင့် ဦးစံသိန်းတို့အား
ရတ်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် အချုပ်ဖြင့်ဆေးကုသနေပြီး ကိုမှုန်ကြီးအား
ဒလမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းလည်းသိရသည်။
ဦးစံသိန်းတို့မိသားစုမှာအစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်ကြပြီး ကိုသံမဏိမိ သားစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
ယင်းသို့ဘာသာမတူသူမိသားစုများပြသနာဖြစ်ပေါ်မှုကိုအခွင့်ကောင်းယူကာ
ဘာသာရေးပဋိပက္ခအသွင်ဖန်တီးလိုသူ များမှ ဒလမြို့အတွင်းတွင် မွတ်ဆလင်မ်များက
ဗုဒ္ဓဘာသာများကို ဓားဖြင့်ခုတ်နေပြီ ဟုသွေးထိုးလှုံ့ဆော်မှု
တစ်ချို့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များအား
ဒလမြို့ရှိဗလီဝတ်ကျောင်းတော်နှင့်လမ်းများတွင်လုံခြုံရေးချထားခဲ့မှုကြောင့် သွေးထိုးသူ၉၆၉များအခွင့်မသာဖြစ်ခဲ့ရ ကြောင်းကိုလည်း ဒေသခံများကပြောသည်။
ဒလမြို့တွင် ယမန်နေ့ညမှ ယနေ့မနက်အထိ ဘာသာရေးအသွင်ဆောင်သောပြသနာ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းကို ဒေသခံများက မြန်မာမွတ်ဆလင်မ်မီဒီယာ သို့ပြောသည်။
ဒလမြို့တွင်ဧပြီလ ၂၅ ရက်နေ့တွင် ကမ္ဘာကျော် တိုင်မ်း မဂ္ဂဇင်း၏ မျက်နှာဖုံး ရှင် ဦးဝီရသူ၏ တရားပွဲကျင်းပမည်ဖြစ်ကြောင်းနှင့်၎င်းတရားပွဲမှမြစ်ဖျားခံကာ ဘာသာရေးအကြမ်းဖက်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်းလည်းဒေသခံများကပြောသည်။