Pages

ကအ်ဘာကျောင်းတော်ရဲ့ မီနာရာ မျှော်စင်သစ် စီမံကိန်းက ဇမ်ဇမ်ရေတွင်းကို ခမ်းခြောက်စေနိုင်မလား


ကအ်ဘာကျောင်းတော် တိုးချဲ့ဆောက်လုပ်ရေးအတွက် တာဝန်ယူထားတဲ့ ဆော်ဒီဘင်လာဒင်အုပ်စုဟာ မီတာ ၄၂၀ ရှည်မယ့် မီနာရာမျှော်စင်အသစ်ကို ဆောက်လုပ်မှာဖြစ်ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး မီနာရာ ၂ ခုကို မက္ကာမြို့မှာတည်ဆောက်မယ့် စီမံကိန်းဟာ ဇမ်ဇမ်ရေတွင်းရဲ့ ရေအရင်းအမြစ်ကို ခမ်းခြောက်စေမယ်ဆိုတဲ့ ပညာရှင်တွေရဲ့ သတိပေးချက်ထွက်ပေါ်လာခဲ့ပါတယ်။
မီနာရာ ၂ခုအနက် တစ်ခုကို ကအ်ဘာကျောင်းတော်ရဲ့ အရှေ့မြောက်ဘက်တည်ဆောက်မှာဖြစ်ပြီး ကျန်တစ်ခုကို အနောက်မြောက်ဘက်မှာ ထားရှိမှာဖြစ်ပါတယ်။ မီနာရာ တစ်ခုရဲ့ ဖောင်ဒေးရှင်းဟာ စတုန်းရန်းမီတာ ၉၀၀ အထိကျယ်ပြန့်မှာဖြစ်ပါတယ်။
မီနာရာတွေရဲ့ အမြင့်ဟာ မက္ကာမြို့မှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး နာရီစင်တာဝါရဲ့ အမြင့်တစ်ဝက်ခန့်အထိ ရောက်ရှိမှာဖြစ်ပါတယ်။
ဇမ်ဇမ်ရေတွင်းရဲ့ ရေအရင်းအမြစ် ခမ်းခြောက်စေနိုင်တယ်ဆိုတဲ့ အကြံပေးအဖွဲ့ရဲ့ ထောက်ပြချက် ထွက်ပေါ်လာပြီးနောက် ဆောက်လုပ်ရေးနယ်နိမိတ်နဲ့ပတ်သက်ပြီး ဒွိဟဖြစ်လာကြပါတယ်။
လများစွာကတည်းက တိုးချဲ့ရေးပရောဂျက် ဓါတ်ပုံတွေဟာ အင်ဂျင်နီယာတွေ၊ လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေပြီး ဒီတည်ဆောက်မှုရဲ့ ဆိုးကျိုးနဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာ အပြန်အလှန် ငြင်းခုန်မှုများစွာ ပေါ်ထွက်ခဲ့ပါတယ်။
နိုင်ငံတကာ အကြံပေးအဖွဲ့တွေကတော့ ဇမ်ဇမ်ရေအရင်းအမြစ်နဲ့ပတ်သက်ပြီး ဆိုးကျိုးဖြစ်ပေါ်နိုင်တယ်လို့ ဝေဖန်ကြပါတယ်။
ဇမ်ဇမ်ရေတွင်းဆိုတာကတော့ နှစ်ထောင်ချီကြာပြီဖြစ်တဲ့ အစ္စလာမ့်သမိုင်းဝင် ရေတွင်းတစ်တွင်းဖြစ်ပြီး ဟာဂ်ျကျင့်စဉ်နဲ့ ဆက်စပ်နေပါတယ်။
နှစ်စဉ်နှစ်တိုင်း ဟာဂ်ျကျင့်စဉ်တွေကို အောင်မြင်စွာ ဆောက်တည်ပြီးတဲ့နောက် နိုင်ငံတကာမှ ဟာဂျီတွေက မိမိတို့ရဲ့ အိမ်အပြန်ခရီးမှာ အကောင်းဆုံးလက်ဆောင်အဖြစ် ဇမ်ဇမ်ရေပုလင်းတွေကို ကိုယ်စီ ယူဆောင်သွားကြလေ့ရှိပါတယ်။
Source : Onislam
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)