အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီး (UAE) နိုင်ငံတွင် လက်ရှိ၌ ဗလီဝတ်ကျောင်းတော် စုစုပေါင်း (၅,၀၃၆) ကျောင်း ရှိနေပြီး ပြည်နယ် (၇) ခုအနှံ့တွင် နောက်ထပ် (၂၁၅) ကျောင်း ထပ်မံ ဆောက်လုပ်သွားရန် ရှိကြောင်း သိရှိရသည်။
အချို့ နေရာဒေသများတွင် ဗလီဝတ်ကျောင်းတော် (၃) ကျောင်းခန့် မလှမ်းမကမ်းတွင် တည်ရှိနေပြီး နေရာတိုင်းမှ ဝတ်ပြုဖိတ်ခေါ်သံကို ကြားနိုင်ပြီး ဗလီဝတ်ကျောင်းတော်များမှာ ရိုးရာအစဉ်အလာနှင့် အစ္စလာမ္မစ် ဗိသုကာလက်ရာများဖြင့် ထည်ဝါခန့်ညား လှပစွာ တည်ဆောက်ထားသည်။
ယခုကဲ့သို့ ဗလီဝတ်ကျောင်းတော်များ ထပ်မံတည်ဆောက်ရခြင်းမှာ လူဦးရေ တိုးပွါးမှုနှင့် အရှိန်မြင့်လာသော ဖွံ့ဖြိုးတိုးတက်မှုများကြောင့်ဟု ဆိုသည်။ ယူအေအီးနိုင်ငံတွင် နိုင်ငံပေါင်း (၅၀) ကျော်မှ နိုင်ငံသားများ နေထိုင်သွားလာ လုပ်ကိုင်လျက်ရှိပြီး အာရေဗျ (Arabic) ဘာသာစကားအပြင် အခြားသော ဘာသာစကားများဖြင့် တရားပို့ချရန် လိုအပ်ချက်များလည်း ရှိလာသည်။
ဗလီဝတ်ကျောင်းတော် (၅,၀၃၆) ကျောင်းတွင် (၂,၀၂၄) ကျောင်းမှာ အာရေဗျ ဘာသာစကားဖြင့် တရားပို့ချပြီး (၁၁၅) ကျောင်းမှာ အင်္ဂလိပ် (English) နှင့် အူရဒူ (Urdu) ဘာသာစကားများဖြင့် ပို့ချကြောင်း သိရှိရသည်။ အခြားသော ဘာသာစကားများဖြင့် တရားပို့ချရန် လိုအပ်ချက်ကိုလည်း လေ့လာနေသည်ဟု ဆိုသည်။
လက်ရှိ ဆောက်လုပ်နေသော ဗလီဝတ်ကျောင်းတော် (၂၀၀) ကျော် ပြီးစီးမည့် (၂၀၁၅) ခုနှစ်တွင် ယူအေအီးနိုင်ငံ၌ စုစုပေါင်း ဗလီဝတ်ကျောင်းတော် (၅,၂၅၁) ကျောင်း ရှိလာမည်ဖြစ်သည်။
အလ်အိုင်းပြည်နယ် (Al Ain) တွင် ဗလီဝတ်ကျောင်းတော် (၁,၀၉၆) ကျောင်း ရှိနေပြီး ပြည်နယ် (၇) ခုအနက် အများဆုံး ဖြစ်သည်။ အရှေ့ဒေသ (Eastern Region) တွင် ဗလီဝတ်ကျောင်းတော် (၉၃၅) ကျောင်းနှင့် ရက်စ်အလ်ခိုင်မာ (Ras Al Khaimah) တွင် (၉၀၃) ကျောင်း ရှိပြီး ဒုတိယနှင့် တတိယ အများဆုံး ဝတ်ကျောင်းတော်များ တည်ရှိရာ ဒေသများ ဖြစ်ကြသည်။
ကိုးကား – gulfnews