လင်းပိုင်များသည်
(၁၅)ရက်မျှ ဆက်တိုက် မအိပ်ဘဲ နေနိုင်ကြောင်း သိပ္ပံပညာရှင်များက
ပြောကြားလိုက်သည်။ ဉာဏ်ရည်မြင့်မားသော တိရစ္ဆာန်များအဖြစ် အသိအမှတ်ပြု
ခံထားရသော ရေနေ နို့တိုက် သတ္တဝါများသည် ဦးနှောက်၏ တစ်ဖက်ခြမ်းကို
လုပ်ငန်းဆောင်တာများ ရပ်နားထားသည့်အခါ မအိပ်စက်ဘဲ ကာလရှည်ကြာစွာ
သွားလာနေထိုင်နိုင်သည်ကို သုတေသီများက အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သည်။
ထို့ကြောင့် လင်းပိုင်များသည် ငါးမန်းများ နေထိုင်ကျက်စားလေ့ရှိသည့်
ရေမျက်နှာပြင်ပေါ် တက်ရောက် အသက်ရှူသည့်အခါ နိုးနိုးကြားကြား
ရှိနေတတ်ကြောင်း ပညာရှင်များက ရှင်းပြခဲ့သည်။
ကယ်လီဖိုးနီးယားရှိ ဆန်ဒီယေးဂိုးတွင် ပြုလုပ်သော စမ်းသပ်ချက်အရ (၁၅)ရက်လုံးလုံး သွားလာ လှုပ်ရှားနေသော်လည်း လင်းပိုင်မလေး ဆေး၏ လှုပ်ရှားမှုများ တုံ့ဆိုင်း နှေးကွေးသွားသည်မှာ အလွန်ဖြစ်ခဲသော အခြေအနေမျိုးဟု ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။ လင်းပိုင်များ၏ ဦးနှောက်ကို Scanဖတ်ကြည့်ပြီးနောက် လိုအပ်လာလျှင် ၎င်းတို့သည် ဦးနှောက် တစ်ခြမ်းကို လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းကာ အနားပေး အိပ်စက်ပြီး ကျန်တစ်ခြမ်းဖြင့် နိုးကြားနေတတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
တစ်ခါတစ်ရံတွင်မူ မျက်လုံးတစ်ဖက်ကို မှိတ်ထားကာ အိပ်စက်နေပြီး ကျန်တစ်ဖက်ကမူ ကြည်ကြည်လင်လင် နိုးထ သွားလာနိုင်အောင် ကူညီတတ်ကြောင်း သိရသည်။ သုတေသန ပညာရှင် ဘရိုင်ယန် ဘရန်ဆတ္တားက "ဒီအံ့ဩစရာ သတ္တဝါလေးတွေက ပင်လယ်သမုဒ္ဒရာရဲ့ တကယ့်ကို မမှိတ်မသုန် နိုးကြားနေတဲ့ ကင်းစောင့်တပ်သားလေးတွေပါပဲ"ဟု လင်းပိုင်များ၏ ထူးခြားသော စွမ်းရည်ကို ချီးကျူးပြောဆိုသွားသည်။