Pages

ရခိုင်အကြမ်းဖက်မှု စစ်အစိုးရ ပါဝင်ပတ်သတ်ကြောင်း HRW အဆိုကို PRAD ထောက်ခံ

 
ရခိုင်အကြမ်းဖက်မှုတွင် စစ်အစိုးရဘက်မှ ပါဝင်ပတ်သတ်မှုရှိသည်ဆိုသော အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) ၏ ရှာဖွေတွေ့ရှိချက်ကို Partners Relief & Development (PRAD) ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

Partners Relief & Development (PRAD) သည် မြန်မာနိုင်ငံရှိ စစ်ဘေး၊ အကြမ်းဖက်ဘေးဒဏ် ခံစားနေရသူများကို ကူညီစောင့်ရှောက်သော လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်း (၁၂၀,၀၀၀) ကျော်မှာ ယခုအချိန်အထိ အရေးပေါ် အကူအညီများ အထူးလိုအပ်နေဆဲဖြစ်ပြီး အစားအသောက်၊ ဆေးဝါးမှ အစ အမိုးအကာနှင့် ခြုံထည် အဆုံး အစစအရာရာ လိုအပ်နေကာ လူသားဆိုင်ရာ ကပ်ဘေးဆိုးကြီး ကျရောက်လာနိုင်တော့မည် ဖြစ်ကြောင်း PRAD က ဆိုသည်။

PRAD အရာရှိတစ်ဦးဖြစ်သူ Oddny Gumaer က ဒုက္ခသည် အယောက် ၃၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ရာတွင် ကလေးသူငယ်များပင်မကျန် အလွန်ဆိုးရွားသော အကြမ်းဖက်မှုကို ရင်ဆိုင်တွေ့ကြုံခဲ့ရကြောင်း၊ အကြမ်းဖက်မှုတွင် စစ်တပ်နှင့် ရဲများပါ ပါဝင်ကြောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အမျိုးသမီးများအား အဓ္ဓမပြုကျင့်ခြင်းများ အမြောက်အများရှိကြောင်း သက်သေခံထွက်ဆိုကြသည်။

Oddny Gumaer က အမျိုးသမီးကြီးတစ်ဦးအား တွေ့ဆုံမေးမြန်းရာတွင် သူမ၏ သားသမီး ၇ ဦးနှင့် မြေး ၁၈ ဦး အပါအဝင် စုစုပေါင်း ဆွေမျိုးသားချင်း ၂၉ ဦး ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ထိတ်လန့်ခြောက်ခြားဖွယ် သိရှိခဲ့ရသည်။
 ref : (myanmarmuslimsvoice)