Pages

လေယာဉ်ပျံပျောက်ဆုံးမှု မြန်မာပြည်မှ တာဝန်ယူလိုက်ပြီ


လေယာဉ်ပျံပျောက်ဆုံးနေခြင်းကို
အမေရိကန်နိုင်ငံမှ လက်လျော့လိုက်ပြီ
ဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ
စိတ်ပျက်လက်ပျက် ဖြစ်နေသည့်အချိန်တွင်
မြန်မာအစိုးရမှ ဒီအခက်အခဲကို
တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း
သမ္မတရုံး wetsite မှ တရားဝင်
ထုတ်ဖော်ပြောကြားလိုက်ပါသည်။
ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်စာမျက်နှာတွင်
မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဖြေရှင်း
သွားမည်ဟု သိရှိရပြီး အခုအခါ
မသင်္ကာဖွယ်ရာ ၃၇ ပါးသောနတ်များကို
ခေါ်ယူစစ်ဆေးလျှက်ရှိပါသည်။
ကိုကြီးကျော် အား ခေါ်ယူစစ်ဆေးရာတွင်
ထိုနေ့က မိမိမှာ အမူးလွန်နေ၍
လေယာဉ်ပျံ မပြောနဲ့ ပုစဉ်းတောင်မှ
မမြင်နိုင်လောက်အောင် မူးပြီး
မှောက်နေကြောင်း ထွက်ဆိုပါသည်။
မောင်တင့်တယ်ကို ခေါ်စစ်ရာတွင်
မိမိမှာ ထိုနေ့က အချုပ်ခန်းထဲရောက်နေကြောင်း
မိမိအဖမ်းခံရသည်မှာ အဝတ်ချုပ်အပ်
ပြုလုပ်နေစဉ် မသင်္ကာဖွယ်လက်နက်ဟု
ပြောဆိုပြီး အဖမ်းခံနေရကြောင်း
ထွက်ဆိုသွားပါသည်။
ရေငံပိုင်ဦးရှင်ကြီးအား စစ်ဆေးရာတွင်
မိမိမှာ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း
ရာထူးမှ အနားယူလိုက်ပြီဖြစ်ပါသည်
ယခင်က မိမိသည် မြန်မာပြည်တခွင်၌
ရေငံပိုင်ဟု လူသိများကြောင်း ယခုအခါ
ရေငံပိုင် ဆိုင်းဘုတ်မှာ တပ်မတော်ပိုင်ဆိုင်းဘုတ်
ဖြစ်သွားပြီ ဖြစ်သဖြင့် တပ်မတော်ကိုသာ
ဆက်လက်မေးမြန်းသင့်ကြောင်း
ပြောဆိုသွားပါသည်။
အမေဂျမ်းကိုစစ်ဆေးရာတွင်
လွန်ခဲ့သောတလခန့်မှ တရုတ်ပြည်သို့
အိမ်ဖော်လုပ်ကိုင်ရန် အစိုးရမှ တရားဝင်
စေလွှတ်လိုက်ပြီဖြစ်၍ လိုအပ်ပါက
ပြန်လည်ခေါ်ယူစစ်ဆေးရန် စီစဉ်ထားပါသည်။
ဘိုးဘိုးကြီးအားစစ်ဆေးရာတွင်
ဘိုးဘိုးကြီးမှာ လေယာဉ်ပျံပြန်ပေးဆွဲဖို့
နေနေသာသာ စီးထားသောဖိနပ်ကိုပင်
မစီးနိုင်တော့ဘဲ အိပ်ယာထဲလဲနေကြောင်း
ယင်းသို့ အိပ်ယာထဲ လဲရသည့် အကြောင်းမှာ
တောင်တွေ တလုံးပြီး တလုံး မြေပြင်ဖြစ်နေသည့်
သတင်းကို facebook တွင် တွေ့နေရသဖြင့်
မိမိနေထိုင်ရာ မန္တလေးတောင်သည်လည်း
အခြေအနေမကောင်းတော့သည်ကို
ရိပ်မိပြီး အိပ်ယာထဲ လဲသွားကြောင်း
သိရှိရပါသည် ။
နောက်ဆုံးတွင် မသင်္ကာဖွယ် ကျန်နေသူမှာ
ကုလားညီနောင်ဟု လူသိများသည့်
ရွှေဖျဉ်းညီနောင် အပေါ်တွင် ကျရောက်သွားပါသည်။
သို့သော် ရွှေဖျဉ်းညီနောင်မှာ
လွန်ခဲ့သော နှစ်ပတ်ခန့် ကတည်းက
ညီအကိုချင်း စကားများပြီး နတ်ညီလာခံမှာ
ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီဟုသိရှိရပြီး
ပြစ်မှုမှာ အကိုဖြစ်သူက သန်းခေါင်စာရင်းတွင်
ပသီထည့်မည်ဖြစ်ပြီး ညီဖြစ်သူကတော့
မြန်မာမွတ်စလင်မ် ထည့်မည်ဟု ပြောဆို၍
အချင်းများ ပြဿနာတက်ပြီး ထိန်းသိမ်းခံ
လိုက်ရကြောင်း သိရှိရပါသည် ။
အတွင်းနတ်များအားလုံးမှာ
ယခုအခါ စောင့်ကြည့်ဆဲအခြေအနေတွင်
ရှိနေပြီး နတ်ကတော်များနှင့် ကန္နားစီးများကို
ဆက်လက်ရှာဖွေဖော်ထုတ်နေကြောင်း
သိရှိရပါသည်။