ဗုဒ္ဓသားတော်များဦးဆောင်ဖျက်ဆီးခဲ့သည့် ၀မ်းတွင်းဗလီ ဖွင့်ခွင့်မရပါက ဒေသခံမွတ်စလင်မ်များအားလုံးနေရပ်ပြောင်းရန်ပြင်ဆင်
မြန်မာမွတ်စလင်မ်မီဒီယာ
ဟိန်းအောင်
မတ် ၁၅၊ ၂၀၁၃
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့တွင် လွန်ခဲ့သည့်တစ်နှစ်နီးပါးခန့်က
အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်းတော်အား
ပြန်လည်ဖွင့်လှစ်ခွင့်မပေးပါက မြို့ခံ အစ္စလာမ်ဘာသာဝင် အားလုံး
အခြားမြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါမြို့တွင် နှစ် ၃၀ ခန့်နေထိုင်နေသူတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။
"ဗလီရဖို့ကြိုးစားမယ်၊ မရဘူးဆိုရင် အကုန်လုံးကို ကျွန်တော်ပြောထားတယ်။ဝမ်းတွင်းမှာမနေရတော့ဘူး၊ရောင်းချပြီးတော့ ဗလီရှိတဲ့နေရာရွှေ့ရမယ်လို့ကျွန်တော်ပြောထားတယ်"ဟု ၀မ်းတွင်းမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့အမှတ် (၃) ရပ်ကွက်အတွင်းရှိ မြို့မ
ဗလီဝတ်ကျောင်းတော်အား ဗုဒ္ဓဘုရားသားတော် အယောက် ၅၀ ၀န်းကျင်ဦးဆောင်သည့် ၉၆၉
အကြမ်းဖက်အုပ်စုဝင် တစ်ရာဝန်းကျင်က ၂၁-၃-၂၀၁၃ ရက်နေ့နှင့် ၂၂-၃-၂၀၁၃
ရက်နေ့များတွင် အကြမ်းဖက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
"ဖြစ်ပြီး သုံးလေးလနေတော့ ကျွန်တော်ကရွှေ့မယ်ဆိုတော့ အကုန်လုံးက
တစ်နှစ်လောက်စောင့်ပါဦး ဗလီများရခဲ့တယ်ဆိုရင်နေမယ်၊
ဗလီမရဘူးဆိုရင်အကုန်ရွှေ့မယ်၊အခုတစ်နှစ်ပြည့်တော့မယ်။အမျိုးတွေအားလုံးကိုပြောထားပြီးသား
အမျိုးမဟုတ်တဲ့ ၂ အိမ်လောက်ပဲကျန်တယ်"ဟု ၀မ်းတွင်းမြို့ရှိ
အစ္စလာမ်ဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာ သို့ပြောသည်။
ဝမ်းတွင်းမြို့တွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၂၄ စုရှိပြီး လူဦးရေ ၁၃၀
ဦးခန့်ရှိပြီး အဆိုပါအိမ်ထောင်စုများသည် ၀မ်းတွင်းမြို့မဗလီပြန်လည်ဖွင့်လှစ်ခွင့်မရပါက ယင်းတော်မြို့၊မလိုင်မြို့၊ဆူးလေကုန်းရွာ တို့သို့ အသီးသီးပြောင်းရွှေ့နေထိုင်ရန်စီစဉ်ထားကြောင်းဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ဗုဒ္ဓသားတော်များဦးဆောင်သည့်အကြမ်းဖက်အုပ်စုများ၏အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့်
ဝမ်းတွင်းဗလီ ၀တ်ကျောင်းတော်သည် အကြမ်းဖက်ဖျက်ဆီးခံရချိန်တွင်
နှစ်တစ်ရာကျော်သက်တမ်းရှိပြီး ၁၉၆၀ ပြည့်နှစ်တွင် လက်ရှိအဆောက်အဦးကို
ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဖျက်ဆီးခံရချိန်မှစကာ ယနေ့အချိန်အထိ
ပြန်လည်ပြင်ဆင်ခွင့် ၊ သန့်ရှင်းရေးပြုခွင့်၊ပြန်လည်အသုံးပြုခွင့် အသီးသီးပိတ်ပင်ခံထားရသည်။
------------------------------------
ဗုဒ္ဓသားတော်များဦးဆောင်သည့် အကြမ်းဖက်အဖွဲ့၏ ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း သန့်ရှင်းရေးပင်ပြုလုပ်ခွင့်
မရခဲ့သည့်
ဝမ်းတွင်းမြို့မဗလီဝတ်ကျောင်းတော်ကို ယခုနှစ် မတ်လ ၁၄ ရက်နေ့ကတွေ့ရစဉ်။