Pages

စရိတ်အကြီးဆုံးမြို့ စင်္ကာပူ၊ စရိတ်အသက်သာဆုံးတွင် ဂျစ်ဒါ၊ ရီယာ့ဒ်နှင့် ကရာချီတို့ ပါဝင်


Economist Intelligence Unit (EIU) ၏ စစ်တမ်းကောက်ယူ အစီရင်ခံစာအရ ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) ၏ မြို့များဖြစ်ကြသော မြို့တော်ရီယာ့ဒ် (Riyadh) နှင့် ဂျစ်ဒါမြို့ (Jeddah) တို့မှာ နိုင်ငံတကာ၌ နိုင်ငံခြားသားများအတွက် နေထိုင်စရိတ် အသက်သာဆုံး ဖြစ်ကြောင်း သိရှိရသည်။

(၂၀၁၄) ခုနှစ်အတွက် EIU မှ ထုတ်ပြန်သော Worldwide Cost of Living 2014 အစီရင်ခံစာတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တလျှောက် နေထိုင်စားသောက်စရိတ် အသက်သာဆုံး မြို့ (၂) မြို့မှာ ရီယာ့ဒ်နှင့် ဂျစ်ဒါမြို့တို့ ဖြစ်ပြီး စက်သုံးဆီစရိတ်မှာလည်း တစ်လီတာလျှင် (၀.၂၄) ဒေါ်လာ ($0.24) မှ (၀.၁၃) ဒေါ်လာ ($0.13) သို့ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

နေထိုင်စရိတ် အကြီးမားဆုံးအဖြစ် သတ်မှတ်ခြင်းခံရသော စင်္ကာပူနိုင်ငံ (Singapore) တွင် စက်သုံးဆီစရိတ်မှာ တစ်လီတာလျှင် (၁.၇၃) ဒေါ်လာ ($1.73) ဖြစ်သည်။ ပေါင်မုန့် အစရှိသော နေ့စဉ်သုံး စားသောက်ဖွယ်ရာများ ဝယ်ယူရာတွင်လည်း ရီယာ့ဒ်နှင့် ဂျစ်ဒါမြို့တို့မှာ ပေးသည့်ငွေနှင့် အထိုက်တန်ဆုံး ရရှိကြောင်းလည်း သိရှိရသည်။

အထွေထွေ ကုန်ကျစရိတ် အသက်သာဆုံး မြို့အဖြစ် နိုင်ငံတကာအဆင့်၌ အိန္ဒိယနိုင်ငံ (India) ရှိ မွမ်ဘိုင်းမြို့ (Mumbai) (ယခင် ဘုံဘေမြို့) က ရွေးချယ်ခံထားရပြီး စရိတ်အသက်သာဆုံး ထိပ်တန်း (၁၀) မြို့တွင် ပါကစ္စတန်နိုင်ငံ (Pakistan) ရှိ ကရာချီမြို့ (Karachi)၊ အိန္ဒိယနိုင်ငံ (India) ၏ မြို့တော် နယူးဒေလီ (New Delhi)၊ ဆီးရီးယားနိုင်ငံ (Syria) ၏ မြို့တော် ဒမတ်စကတ် (Damascus)၊ အလ်ဂျီးရီးယားနိုင်ငံ (Algeria) ၏ မြို့တော် အလ်ဂျီးယားစ် (Algiers) နှင့် ရိုမေးနီးယားနိုင်ငံ (Romania) ၏ မြို့တော် ဘူခါရတ်စ် (Bucharest) တို့ ပါဝင်ကြသည်။

ကုန်ကျစရိတ် အကြီးမားဆုံး မြို့တော်မှာ စင်္ကာပူ (Singapore) ဖြစ်ပြီး စရိတ်အကြီးမားဆုံး ထိပ်တန်း (၁၀) မြို့တွင် ဂျပန်နိုင်ငံ (Japan) ၏ မြို့တော် တိုကျို (Tokyo)၊ ပြင်သစ်နိုင်ငံ (France) ၏ မြို့တော် ပဲရစ် (Paris)၊ နော်ဝေနိုင်ငံ (Norway) ၏ မြို့တော် အော်စလို (Oslo)၊ ဆွစ်ဇာလန်နိုင်ငံ (Switzerland) ၏ အကြီးဆုံးမြို့ ဇူးရစ် (Zurich) နှင့် ဂျီနီဗာမြို့ (Geneva)၊ ဩစတေးလျနိုင်ငံ (Australia) ရှိ ဆစ်ဒနီမြို့ (Sydney) နှင့် မြို့တော် မဲလ်ဘုန်း (Melbourne) တို့ ပါဝင်သည်။


ကိုးကား – AB