Pages

အစၥလာမ္ဘာသာ၀င္မ်ား၏ ဥပုသ္ကာလ ရောက်တော့မည်ဖြစ်၍ ၀တ်ပြုဆောင်ဗလီများ ဖွင့်ပေးစေချင်ကြောင်း မိတ်္ထီလာရှိ ဒုက္ခသည်များတောင်းဆို


ဇွန် ၁၈
မကြာမီကာလအတွင်း အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလ ရောက်ရှိမည်ဖြစ်သောကြောင့် မိတ်္ထီလာမြို့ရှိ ဒုက္ခသည်များမှာ ရိက္ခာများ မလုံလောက်မှု ရှိကြောင်းနှင့် ၀တ်ပြုဆောင်များ ဖွင့်ပေးစေလိုကြောင်း ဒေသခံအချို့က မွန်းတည့်နေသို့ ပြောသည်။
““ပဋိပက္ခ စစဖြစ်ပြီးတဲ့အချိန်နဲ့ အခုချိန် အလှူရှင်တွေနဲ့ ကွာသွားတာပေါ့။ ဖြစ်ဖြစ်ချင်းတုန်းက အလှူရှင် များတယ်။ အခုနောက်ပိုင်းတော့ နည်းနည်းကျသွားတယ်။ ထောက်ပံ့တာကိုတော့ ကျေးဇူးတင်ပါတယ်။ အဘတို့အိမ်တွေ ပစ္စည်းတွေ ဆုံးရှုံးပြီးပြီ။ အခု ဒုက္ခသည်ဘ၀လည်း ရောက်နေပြီ။ ဘယ်သူကိုမှလည်း အပြစ်မတင်ပါဘူး။ ဥပုသ်ဝင်တော့မှာမို့လို့ မရှိမဖြစ် လိုအပ်တဲ့ ၀တ်ပြုဆောင်များ ပြန်ဖွင့်ပေးဖို့ အဘအနေနဲ့ ဒီနေရာကနေ အစိုးရကို မေတ္တာရပ်ခံပါတယ်””ဟု ခရိုင်အားကစားကွင်းမှ ဒုက္ခသည် ဦးထွန်းရွှေက ပြောသည်။
အဆိုပါ ဒုက္ခသည်များအား တစ်လလျှင် ပဲတစ်ပိဿာ၊ ဆီ ၅၀ သား၊ ဆန် ခြောက်ပြည်ကို လစဉ် ထောက်ပံ့ရေးအဖွဲ့က ထောက်ပံ့လျက် ရှိသော်လည်း ဒုက္ခသည်များအတွက် လုံလောက်မှု မရှိသေးကြောင်း သိရှိရသည်။
““ကိုယ့်ကို ရှာကျွေးနေတဲ့ အိမ်ထောင်ဦးစီးကလည်း အရေးအခင်းမှာ အသတ်ခံရတယ်။ ကျွန်မနဲ့အတူ ကလေးသုံးယောက် ကျန်ခဲ့တယ်။ ပေးတဲ့ရိက္ခာနဲ့ မလုံလောက်တော့ ရှမ်းခေါက်ဆွဲ ရောင်းရပေမယ့်လည်း ဒုက္ခသည်အချင်းချင်းတွေချည်းပဲဆိုတော့ တစ်ပွဲ ၂၀၀နဲ့ ရောင်းရတယ်။ ကလေးတွေရဲ့ကျောင်းစရိတ်၊ ထမင်းစရိတ်တွေ ရှိတယ်။ တစ်နေ့ ၀င်ငွေ အမြတ်လေး တစ်ထောင်ကျော်လောက်နဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး””ဟု ဘောလုံးအားကစားကွင်းမှ ဒုက္ခသည် မသင်းသင်းမော်က ပြောသည်။
မိတ်္ထီလာမြို့ရှိ ခရိုင်ဘောလုံးအားကစားကစားကွင်းမှ ဒုက္ခသည်ကလေးများ၊ မိဘများ အရေးအခင်း၌ သေဆုံးသွားပြီး ကျန်ခဲ့သော ကလေးငယ်များကို ပညာမတတ်လျှင် အခုလို အများရဲ့အနှိမ်ခံ၊ အဖိနှိပ်ခံဘ၀ ရောက်မှာစိုးရိမ်၍ တစ်ပိုင်တစ်နိုင်ဖြင့် ကိုယ်တတ်ကျွမ်းထားသည့် ပညာများကို ပြန်ဝေမျှပေးခြင်း ဖြစ်ကြောင်း မခင်နှင်းဖြူ (ပထမနှစ်မြန်မာစာ) က မွန်းတည့်နေသို့ ပြောသည်။
““ရာမ်မဇာန် (ဥပုတ်လ) မှာ စားဝတ်နေရေးဆိုတာထက် မွတ်စလင်တွေမှာ ဗလီရှိမှ ဖြစ်မှာလေ။ ဗလီက ရှိနေတယ်။ ရှိနေရက်သားနဲ့ ဖွင့်မပေးတဲ့အတွက် အားလုံးရဲ့ဆန္ဒပါ။ ဒီဟာထက် ဘယ်ဟာမှ အရေးမကြီးဘူး။ ဥပုသ်စောင့်မယ့်အချိန်၊ ဥပုသ်ထမင်းစားတဲ့အချိန် အရမ်းအခက်အခဲဖြစ်မှာ စိုးရိမ်တယ်””ဟု သီရိမင်္ဂလာရပ်ကွက်မှ ဒုက္ခသည်ဖြစ်သူ မငြိမ်းငြိမ်းအေးက ပြောသည်။
““ကျွန်တော်တို့ ဥပုသ်လကလည်း ရောက်တော့မယ်။ မိုးရာသီကလည်း ကျနေပြီ။ ကျွန်တော်တို့ ကိုယ့်အိမ်ကိုယ့်ရာလေးနဲ့ပဲ တဲထိုးနေရနေရ နေချင်တယ်။ အဓိက ဥပုသ်လမှာ ဗလီလေးဖွင့်ဖို့ပဲ””ဟု ဦးမောင်မောင်က ပြောသည်။
၂၀၁၃ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၍ ဒုက္ခသည်စခန်းတွင် တစ်နှစ်ကြာမြင့်သည်အချိန်ထိ ဒုက္ခသည် ထောင်ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
သရဖီ
မွန်းတည့်နေ (အတွဲ ၂၊ အမှတ် ၂၅)