Pages

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းနှင့်စပ်လျဉ်း၍ အိုလမာအဖွဲ့ချုပ် နိုင်ငံတော်သမ္မတထံ စာတင်

ရန်ကုန်၊ ဇွန် ၁၉
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ အစ္စလာမ်သာသနာ၏ ဘာသာရေးဆိုင်ရာ ကျင့်ထုံးများနှင့် အဆိုအမိန့်များ အကြံပြုပေးပို့ခြင်းစာကို အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများထံသို့ ဇွန် ၁၈ ရက်တွင် ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အကြံပြုတင်ပြရာတွင် ဥပဒေကြမ်း ပေါ်ပေါက်လာပုံအပေါ် လေ့လာဆန်းစစ်ခြင်း၊ ဥပဒေကြမ်း ထွက်ပေါ်လာသည့် အချိန်ကာလနှင့် ပြည်သူ့သဘောထား၊ ဥပဒေကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေရှုထောင့်မှ ချဉ်းကပ်လေ့လာခြင်း၊ (က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာသာသနာဆိုင်ရာ ပြဋ္ဌာန်းချက်၊ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေ့လာခြင်း၊ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းခြင်း၊ မြန်မာ့ဓလေ့၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ဥပဒေ၊ ဥပဒေကြမ်းအား လူ့အခွင့်အရေးရှုထောင့်မှ ချဉ်းကပ်လေ့လာခြင်း၊ ဥပဒေကြမ်းအား စိစစ်လေ့လာချက်၊ အကြံပြုတင်ပြချက်၊ အစ္စလာမ်သာသနာ၏ ဘာသာရေးဆိုင်ရာ ကျင့်ထုံးများနှင့် အဆိုအမိန့်များ အကြံပြုပေးပို့ခြင်းဟူ၍ ကဏ္ဍများခွဲ၍ ကျယ်ပြန့်စွာ လေ့လာသုံးသပ် အကြံပြုတင်ပြထားကြောင်း အဆိုပါပေးပို့စာ၌ ထည့်သွင်းရေးသားထားကြောင်း တွေ့ရှိရသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ၊ မထိပါးရေး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများမှ သွေဖည်မှု မပေါ်ပေါက်စေရေး၊ ပြည်ထောင်စုသား နိုင်ငံသားလူနည်းစုများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိရေးတို့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သစ္စာစောင့်သိရိုသေသူ၊ နိုင်ငံသားတာဝန်ရှိ အဖွဲ့အစည်းကြီးတစ်ရပ်အနေနှင့် မိမိတို့၏အတွေ့အကြုံ၊ ဉာဏ်စွမ်းရှိသမျှတို့ကို ရိုးသားစွာ အကြံပြုတင်ပြခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏အကြီးအကဲများ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကိုယ်စားလှယ်ကြီးများမှ အမြော်အမြင်ကြီးစွာဖြင့် စိစစ်သုံးသပ် အဆုံးအဖြတ်ပြုပေးကြပါရန် အလေးအနက် ပန်ကြားတင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ ရေးဆွဲအတည်ပြုပြဋ္ဌာန်းမည်ဆိုပါက အစ္စလာမ်သာသနာ၏ ကျင့်ထုံးများ၊ အဆိုအမိန့်များနှင့် ဆန့်ကျင်ရာရောက်သည် သာမက ဘာသာအသီးသီး၏ ဘာသာရေးလွတ်လပ်မှု အခွင့်အရေးကို ထိခိုက်စေရာ ရောက်ရှိစေမည်ဟု ယူဆကြောင်း တင်ပြချက်များ ပါရှိသည်။
မေ ၂၇ ရက် နေ့စဉ်ထုတ်သတင်းစာပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း) အပေါ် အကြံပြုချက်များပေးပို့ရန် ဖိတ်ခေါ်ချက်ကို အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးငါးဖွဲ့မှ ပေးပို့ဖို့တော့ ရှိကြောင်း၊ လောလောဆယ် ဘယ်နေ့ ပို့ဖြစ်မည်ကို တိတိကျကျပြော၍ မရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ် (ဘာသာရေး) အဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောကြားခဲ့ပြီး အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဦးတင်မောင်သန်းက ပေးပို့ရန် မရှိသေးကြောင်း မွန်းတည့်နေသို့ပြောကြားသည်။
သရဖီ
မွန်းတည့်နေ (အတွဲ ၂၊ အမှတ် ၂၅)