ဒီနေ့လ္ဘက်ရည်ဆိုင်မှာလူစုံသည်။ ကျနော်ရောက်သွားတော့ ကိုယ့်မိတ်ဆွေတွေအပြင် ကိုယ်နဲ့မရင်းနှီးတဲ့
ဧည့်သည်တစ်ယောက်ပါပါသည်။ ကျနော်ရောက်သွားတဲ့အချိန် သူတို့စကားဝိုင်းက
ကောင်းနေသည်။ ကိုယ်လည်းသူတို့စကားဝိုင်းကို စိတ်ဝင်တစားဖြင့်
ဝင်နားထောင်မိသည်။ ပြောနေတဲ့အကြောင်းအရာက တကယ့်ကို စိတ်ဝင်စားစရာကောင်းသည်။
ကမ္ဘာပေါ်မှာ နေရာဒေသအလိုက် အချိန်ပြောင်းလဲပုံအကြောင်း
ပြောနေကြခြင်းဖြစ်သည်။ လူစိမ်းဧည့်သည်လည်း စကားဝိုင်းကို အာရုံစိုက်နေသည်။
“ဥပမာကွာ.. စင်္ကာပူနဲ့ တို့ဆီကနဲ့ တစ်နာရီခွဲကွာတယ်ကွာ။ ဒါပေမဲ့
ကွာပုံကွာနည်းက စင်္ကာပူရောက်မှ တစ်နာရီခွဲ စကွာတာမျိုးမဟုတ်ဘဲ အခုရန်ကုန်ကနေ
ဝေးကွာမှုအလိုက် မိနစ်အလိုက်ကွာခြားခြင်းကနေ စင်္ကာပူ မလေးရှားလို
နေရာမျိုးရောက်တော့ တစ်နာရီခွဲ(သို့)မိနစ်ကိုးဆယ်ကွာသွားတာကွာ။ အဲဒီကနေမှ
ပိုဝေးတဲ့ဖက်တွေကို ဆက်ခရီးဆက်သွားရင် အချိန်ပိုပိုပြီးကွာသွားတဲ့သဘော။
ဒါကြောင့် ကမ္ဘာတစ်ဘက်ခြမ်းမှာနေ့ဖြစ်နေရင် နောက်တစ်ခြမ်းက ည
ဖြစ်နေတာပေါ့ကွာ။ နာရီအတိအကျတော့ ငါလည်းမပြောတတ်ပေမယ့် GMT အလိုက်
အချိန်တွေကို ခွဲခြားပြထားတာတော့ တွေ့နေရတယ်ကွာ။ ကမ္ဘာဟာ
သူ့ဝင်ရိုးပေါ်မှာလည်နေပြီး နေကိုလှည့်ပတ်နေသလို
အချိန်တိုင်းမိနစ်တိုင်းဟာလည်း သူ့အရပ်ဒေသအလိုက်ပြောင်းလဲနေတယ်။ ဒါကြောင့်
New Year လိုပွဲမျိုးကျရင်တောင် အစောဆုံး နှစ်သစ်ကူးတဲ့နေရာရှိသလို
အနောက်ကျဆုံး နှစ်သစ်ကူးကြတဲ့နေရာဒေသလည်းရှိနေတယ်။ ဒါဟာ နေ့နဲ့ည
လည်ပတ်မှုရဲ့ အခြေခံသဘောတရားပေါ်မှာ ကွဲပြားသွားတဲ့ နေရာအလိုက် မိနစ်အလိုက်
အချိန်ကွာခြားမှုတွေပဲ။ ကမ္ဘာတစ်ဘက်မှာ လူတွေအိပ်စက်နေကြပေမယ့်
နောက်တစ်ဘက်မှာ ဥဒဟိုလှုပ်ရှားသွားလာနေကြတယ်” ဟုတစ်ယောက်က
သေချာရှင်းပြနေသည်။
ကျနော် သဘောကျမိသည်။ ဘာပဲဖြစ်ဖြစ်
အကျိုးရှိတဲ့စကားဝိုင်းလေးဖြစ်သည်။ ကိုယ်မသိတဲ့
အချက်အလက်အချို့သိခွင့်ရလိုက်သည်။ အမှတ်တမဲ့ဖြစ်နေတဲ့အချက်အလက်အချို့
အသိထဲဝင်လာသည်။ အခုန သူငယ်ချင်းရဲ့စကားဆုံးတော့ ဒီနေ့ဝိုင်းထဲမှာရောက်နေတဲ့
လူစိမ်းဧည့်သည်က မထင်မှတ်တဲ့ စကားတစ်ခု ဝင်ပြောပြဆွေးနွေးသွားသည်။
သူ့စကားကိုနားထောင်ရင်း ကျနော်ကြက်သီးဖြန်းဖြန်းထမိသည်။
သူပြောသွားတဲ့စကားက ဒီလိုပါ။
“ခင်ဗျား အခုနပြောသွားတဲ့
အချက်အလက်တွေအရဆိုရင်ဗျာ ကျနော်တစ်ခုပြောကြည့်မယ်။ ကမ္ဘာလည်ပတ်မှုပေါ်မှာ
နေ့နဲ့ညပြောင်းလဲမှုရှိပြီး နေရာဒေသအလိုက်
တစ်မိနစ်ခြင်းပြောင်းလဲနေတယ်ဆိုရင် ။ ဆိုကြပါစို့ဗျာ။ ရန်ကုန်မြို့က
ဗလီတစ်ခုက ဖဂျရ်အဇာန်ပေးလိုက်ရင် နောက်တစ်မိနစ်ကြာတဲ့ အချိန်မှာ
ရန်ကုန်ထက်တစ်မိနစ်နောက်ကျတဲ့မြို့က ဗလီကျောင်းတွေကအဇာန်ပေးမယ်။
ထိုနည်းတူစွာပဲ နောက်ထပ်တစ်မိနစ်ကွာသွားတဲ့နေရာဒေသက ဗလီဝတ်ကျောင်းတွေက
အဇာန်ပေးနေမယ် အဲဒီလိုတစ်နေ့တာလည်ပတ်သွားပြီး ငါးကြိမ်သောအဇာန်တွေ
အရှင့်ဖက်ကို ဖိတ်ခေါ်နေသံတွေဟာလည်း ခင်ဗျားအခုနပြောနေတဲ့
အချိန်ပြောင်းလဲခြင်းနဲ့အတူ ၊ဒါမှမဟုတ် ကမ္ဘာလှည့်ပတ်ခြင်းနဲ့အတူ အချိန်မလပ်
ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလည်ပတ်နေမှာလည်း အသေအချာပဲဗျာ။
အခုကျနော်တို့ အေရှာပြီးလို့ လ္ဘက်ရည်ဆိုင်ထိုင်နေတဲ့အချိန်မှာ ကမ္ဘာရဲ့
နေရာဒေသအလိုက် နမားဇ်ငါးကြိမ်ရဲ့ အဇာန်တွေ ဟစ်ကြွေးနေကြမှာဗျ။
ဂုဏ်ယူစရာကောင်းလိုက်တာဗျာ… ကျနော်ဖြင့် အဲလိုတွေးမိရင်း
ကြက်သီးမွေးညင်းတောင်ထမိပါရဲ့ဗျာ” ဟုဝင်ပြောလိုက်ရာ ကျနော်တို့
တစ်ဝိုင်းလုံး ပါးစပ်အဟောင်းသားဖြင့် ကိုယ်စီကြက်သီးထ
ဂုဏ်ယူအံ့သြမိကြပါတယ်။
အလ္လာဟုအက္ကဗရ်
Related Posts :
- Back to Home »
- အတွေးအမြင် »
- ကမ္ဘာလည်ခြင်းနဲ့အတူလည်ပတ်နေတဲ့ အဇာန်ဟစ်ကြွေးသံ