မလေးရှားနိုင်ငံ (Malaysia) မြို့တော်ကွာလာလမ်ပူ (Kuala Lumpur) ကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ (၃) ရက်တာ ခရီးစဉ်အတွင်း မလေးရှား နိုင်ငံတော် ဗလီဝတ်ကျောင်းတော် (Masjid Negara) ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ အိုဘားမား ဗလီဝတ်ကျောင်းတော်ကို သွားရောက် လည်ပတ်ခြင်းဟာ အမေရိကန်နိုင်ငံအနေနဲ့ အများထင်မြင် ယူဆသလို အစ္စလာမ်တော်သာသနာရဲ့ ရန်သူ မဟုတ်ကြောင်း ဖော်ပြလိုက်တာဖြစ်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံ (Asean) အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တဲ့အလျောက် အိုဘာမားရဲ့ မလေးရှား ခရီးစဉ်ဟာလည်း အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအကြား မဟာမိတ် တည်ဆောက်မှုအတွက် အလွန်အရေးပါတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
နိုင်ငံရဲ့ လူ့စွမ်းအားရင်းမြစ် ထက်ဝက်ရှိတဲ့ အမျိုးသမီးတွေကိုလည်း သက်ဆိုင်ကျွမ်းကျင်ရာ ကဏ္ဍတွေမှာ နေရာပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ကျေးလက်ဒေသက နိုင်ငံသားတွေကိုလည်း နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ အကူအညီတွေ ပေးအပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လူမျိုးရေး ခွဲခြားမှုတွေနဲ့ စပ်လျဉ်းပြီး အာဆီယံဒေသတွင်းရှိ မြန်မာနိုင်ငံကို ပမာပေး ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် မွတ်စလင် လူနည်းစု အသိုင်းအဝိုင်းအပေါ် ဖိနှိပ်မှုတွေ ပြုလုပ်ခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုကို ကျဆင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေး ရှုထောင့်ကနေ ဆောင်ရွက်ရမှာ ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေးကို အခြေခံတဲ့ အဖွဲ့တွေ နိုင်ငံအတွင်း ပေါ်ပေါက်လာကြောင်း ပြောဆိုလိုက်ပါတယ်။
အလားတူ မွတ်စလင် လူများစု နေထိုင်ရာ မလေးရှားနိုင်ငံ အနေနဲ့လည်း မိမိနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်မဟုတ်သူ လူနည်းစုအပေါ် တရားမျှတမှု ဆောင်ကျဉ်းပေးဖို့ တာဝန်ရှိကြောင်း သမ္မတ အိုဘာမားက ဆိုပါတယ်။
ကိုးကား – Astro Awani, NST

Related Posts :
- Back to Home »
- အစ္စလာမ်ရေးရာ »
- မလေးရှား နိုင်ငံတော် ဗလီဝတ်ကျောင်းတော်သို့ သမ္မတ အိုဘားမား သွားရောက်လည်ပတ်