နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။
မိတ္ထီလာ အရေးကိစ္စ အပါအဝင် လတ်တလော
ဆူပူမှုများ ကူးစက် ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့
စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကို လိုအပ်တဲ့ ကိစ္စရပ်
များအား ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန် ပုဂ္ဂလိက အငြင်းပွားမှု၊
သာမန် မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ
တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို
အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင်
ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင် လာမှုများကို
စိတ်မချမ်းမြေ့ဖွယ် တွေ့မြင် နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ ပတ်သက်ပြီး
ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်း ပြောကြား
သွားမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး
ပြဿနာတွေကို ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့
အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ် မှန်သမျှကိုတော့
လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ အင်အားသုံးပြီး
ထိထိရောက်ရောက် တားဆီး နှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေ
စိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့
ဥပဒေနဲ့ အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြား လိုပါတယ်။
ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ ဆိုရမယ့်
တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ
လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံး ခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့
နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ
ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ
ပေးထား ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး
အလွဲသုံးတဲ့ အယူသီး အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေ အကြား
အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့
နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင် လာမှုတွေကို ပပျောက်သွားအောင်
ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ
ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား
လိုပါတယ်။
ဒီလိုပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေဟာ
ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ မဖြစ်မနေ ကြုံတွေ့ရမယ့်
စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ
ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့
အခါမှာလည်း နိုင်ငံ တည်ဆောက်ရေးမှာ နှစ်ပေါင်း ခြောက်ဆယ်လုံးလုံး
ကျွန်တော်တို့ နိုင်ငံကို နောက်ကျ ကျန်စေခဲ့တဲ့ မတူတဲ့ အင်အားစုတွေ အကြား
ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့
အနိုင်-အရှုံး သတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့
အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့
အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို
ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး
ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုး ပေးနိုင်လိမ့်မယ်လို့
ယုံကြည်ထား ပါတယ်။
ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို
ဖြေရှင်းတဲ့ နေရာမှာ ယခင်ကနဲ့ မတူဘဲ အသိုက်အဝန်းတွေ ကြားမှာ နားလည်မှုတွေနဲ့
ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက်
လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင် တွေရဲ့
ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊
မီဒီယာများရဲ့ ပိုမိုတာဝန် သိသိ၊ တာဝန်ရှိရှိ သတင်း ဖော်ပြမှု၊ ပြည်သူတွေရဲ့
အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ
အတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့
တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှု တွေကို တွေ့ရှိ ရပါတယ်။
တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ
အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေ ဖြစ်အောင်၊ ကောလာဟလ တွေနဲ့
သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေ အဖြစ်
ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ အရပ်ဘက်
လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ပူးပေါင်း
ကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး
ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘော ဆောင်သော ဖြစ်ရပ်များ အဖြစ် တွေ့မြင်
နေရပါတယ်။
ဒါ့အပြင် သွေးထိုးမှုတွေ
လှုံ့ဆော်မှုတွေကြောင့် အခြား မြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့်
အန္တရာယ်ကိုလည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖ တွေနဲ့ သက်ဆိုင်ရာ
အစိုးရ အဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ်
လုပ်ဆောင် နေကြတာကိုလည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။
မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ်
ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်
ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်း နေကြတယ်
ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။
ကျွန်တော်တို့ အစိုးရ အနေနဲ့ အင်အားသုံး
ဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ
ဒီမိုကရေစီ ကျင့်စဉ်များ စမ်းသပ် ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး
အချိန်မတိုင်မီ ပျက်စီး သွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့
အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုး နေတဲ့
ပြုပြင် ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို
မဆုံးရှုံးစေလိုတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊
ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါး
လာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော် သမ္မတရဲ့
လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး
အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ် ပေးသွားဖို့
ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊
ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့
ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်း
မေတ္တာ ရပ်ခံပါတယ်။
မြန်မာနိုင်ငံလို တိုင်းရင်းသား
ပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ
စုစည်း တည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသား အားလုံး
ပါဝင်တဲ့ ဒီမိုကရေစီ စနစ်ကသာလျှင် တည်ငြိမ် အေးချမ်းမှုကို အာမခံနိုင်တဲ့
ဒီမိုကရေစီစနစ် ဖြစ်လာမယ် ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ
ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲ
နေထိုင်နိုင်ဖို့ အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း
ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှု တွေကို
ဂုဏ်ယူကြရမှာ ဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို
စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့
လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့်
စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့်
ယုံကြည်ပါတယ်။
ကျွန်တော့် အနေနဲ့ ပြည်သူလူထု အားလုံးကို
ပြောကြားလိုတာ ကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့ လူအဖွဲ့အစည်းကို
ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာ ဖြစ်တဲ့အတွက်
အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကို အချိန်နဲ့ တစ်ပြေးညီ ပွင့်လင်း
မြင်သာမှုရှိရှိ သတင်းပေး ပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံး
အနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်
ရှိရှိနဲ့ ရင်ဆိုင် တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး
ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့
လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ အတူလက်တွဲ ကျော်လွှား
သွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
Related Posts :
- Back to Home »
- သတင်များ »
- နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း