မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ
မနေ့ကတစ်ရက်လုံး သတင်းတွေ ဟိုမှသည်မှ တက်နေတာကို တစ်နေကုန်
စောင့်ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ စိတ်ညစ်ရသလို၊ စိတ်လည်းတိုရတယ်။
စိတ်ညစ်ရတာက ထစ်ခနဲရှိတာနဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေကြတဲ့
လုပ်ရပ်တွေအတွက် တွေးပူမိလို့ ဖြစ်ပါတယ်။ စိတ်တိုရတာကတော့ တက်လာသမျှ
သတင်းတွေဟာ ခံစားမှုကိုအခြေခံတဲ့ အတင်းတွေသာ (သတင်းအဆင့် မမီပါ)
ဖြစ်နေလို့ပါပဲ။ ဖေ့စ်ဘုတ်လိုမျိုး လူမှုစာမျက်နှာတွေ သုံးနေတဲ့ သာမန်လူတွေက
သူတို့မြင်သမျှ၊ သူတို့ကြားသမျှ၊ သူတို့ထင်သမျှ၊ သူတို့တွေးသမျှကို
စိတ်ထဲရှိတဲ့အတိုင်း ရေးကြပြောကြတာ အပြစ်ဆိုဖွယ် မရှိပါဘူး
(အပြစ်တော့မကင်းပါ)။ ဒါပေမယ့် တရားဝင်ဂျာနယ် ထုတ်ဝေနေတဲ့ သတင်းဌာနတွေက
သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ အကြားသတင်း၊ အထင်သတင်း၊
အတင်းသတင်းတွေကို စိတ်ရှိတိုင်း တင်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့
ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်ပါတယ်။ မီဒီယာဆိုတဲ့ အဓိပ္ပါယ်ကို သူတို့တွေ
နားလည်ဖို့ လိုနေပြီလို့ ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။
တကယ့်အဖြစ်မှန်ကို သိရဖို့
မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ရင် သတင်းထုတ်ပြန်တာ နောက်ကျတယ်လို့
အမြဲတမ်းဝေဖန်ခံရပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကဲ့သို့
အသားကျနေတဲ့ စနစ်တွေ မရှိသေးတာကို ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။
ပြီးတော့ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာ အခုဂျာနယ်ထုတ်နေတဲ့ သတင်းဌာနတွေက
အင်တာနက်ပေါ်မှာ ရေးသလို ဟိုလူ့ကိုမေး၊ ဒီလူ့ကိုမေးနဲ့ ထင်ရာရေးလို့ရတာ
မဟုတ်ပါဘူး။ တာဝန်ခံယူ၊ တာဝန်ယူမှုဆိုတာ ရှိပါတယ်။ ပုဂ္ဂလိကသတင်းဌာနတွေက
မှားယွင်းရေးသားမိရင်တောင် ဆောရီးဆိုတဲ့စကား၊ တောင်းပန်အပ်ပါသည်
ဆိုတဲ့စကားကို ဂျာနယ်တစ်နေရာမှာ မထင်မရှားလေး ထည့်ပေးလိုက်ရုံနဲ့
ပြီးသားတတ်ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာက အမှားအယွင်း မခံပါဘူး။
ဂျာနယ်တိုက်တွေကသာ မှားယွင်းရင် ဆောရီးတစ်ခွန်းနဲ့ ပြီးနေပေမယ့် အစိုးရက
သတင်းထုတ်ပြန်ချက်များ မှားခဲ့မယ်ဆိုရင် အဲဒီဂျာနယ်တွေကပဲ ၀ိုင်းပြီးတော့
ဆွမ်းကြီးလောင်းကြဦးမှာပါ။ အဲဒီအတွက် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ
စိစစ်တာ၊ စစ်ဆေးတာ၊ မေးမြန်းတာ၊ အတည်ပြုတာ၊ အမှုတည်ဆောက်တာ၊
သတင်းထုတ်ပြန်တာ လုပ်ရပါတယ်။ လုပ်နည်းအဆင့်တွေ များပေမယ့် ထုတ်ပြန်တဲ့
သတင်းကလည်း တန်ဖိုးရှိတဲ့သတင်း ဖြစ်လေ့ရှိပါတယ်။ အဲဒါကြောင့်လည်း
ဘယ်သူရေးတဲ့ သတင်းကိုမျှ မယုံကြည်ဘဲ သတင်းမှန်၊ တစ်နည်း တကယ့်အဖြစ်မှန်ကို
သိရဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်မယ့် သတင်းကို
စောင့်နေခဲ့တာပါ။
ဖြစ်ပျက်ခဲ့သမျှ
နေ့ရက် - ၂၀-၃-၂၀၁၃
နေရာ - မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ <နယူးဝိန့်စိန် ရွှေဆိုင်>
ပါဝင်သူများ - ဆိုင်ရှင် ဒေါ်မြင့်မြင့်အေး၊ ဆိုင်ရှင်၏ သားမက်ဖြစ်သူ
ထွန်းထွန်းဦး (ခ) အာရှစ်၊ ဆိုင်လုပ်သား ညီညီ (ခ) မင်းအောင်၊
ရွှေလာရောင်းသူလင်မယား ဦးခင်မောင်ဝင်း၊ ဒေါ်အေးနိုင်၊ မညိုညိုသန်း
ဖြစ်စဉ် - လာရောက်ရောင်းချသော ရွှေဆံထိုးအား ရွှေဆိုင်က
မှတ်ကျောက်တင်ရန် ယူသွားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိရာတွင် ဆံထိုးမှာ
ပဲ့နေခဲ့သည်ဟုဆိုသည်။ ထိုကဲ့သို့ ပဲ့နေသဖြင့် ဈေးနှိမ်ရာမှ ဆိုင်ရှင်နှင့်
ရောင်းဝယ်သူအကြား ပဋိပက္ခဖြစ်ပွားသည်ဟု ယူဆရသည်။ ထွန်းထွန်းဦးနဲ့ ညီညီက
ရွှေလာရောင်းတဲ့ ဦးခင်မောင်ဝင်းကို လက်သီးနဲ့ထိုး တုတ်နဲ့ရိုက်
လုပ်ကြတယ်လို့ သတင်းကဆိုတယ်။ အဲဒါကိုကြားတဲ့ ပတ်ဝန်းကျင်ကလူတွေ
ရောက်လာကြပြီး ရွှေဆိုင်တွေကို ဖျက်ဆီးကြသတဲ့။ နောက်တော့
ဈေးအနောက်ဘက်မှာရှိတဲ့ ပါကစ္စတန်ဂျာမေ့ဗလီကိုလည်း ဖျက်ဆီးမှုတွေ
ပြုလုပ်ခဲ့ပါသတဲ့။ ညပိုင်းမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တယ်။
(ရဲတပ်ဖွဲ့ရဲ့ စာမျက်နှာကရေးတဲ့ သတင်းကို အောက်မှာဖတ်ပါ။ ကျွန်တော့်မှာ
ချီးကျူးမယ်လို့မှ မဆုံးသေးဘူး။ ရဲတပ်ဖွဲ့က ရေးထားတဲ့ သတင်းကိုဖတ်ပြီး
အတော်စိတ်ညစ်သွားတယ်။ အဲဒီလောက်တောင် အရေးအသား မပြေမပြစ်နဲ့ ဖတ်လို့
နားမလည်အောင် ရေးတဲ့နည်းကို သွားတောင် သင်လိုက်ချင်သေးတယ်။ တကယ်ပဲ...
စိတ်လေတယ်...)
ဘာသာရေးက ပါလာပြန်ပြီ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ပြဿနာဟာ ဘာသာရေးဆိုင်ရာ
သွေးထိုးမှုတွေလို့ ကျွန်တော်ကိုဉာဏ် လေးလေးနက်နက် သုံးသပ်ချင်ပါတယ်။
လက်နက်ကိုင်ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေထက် ပိုပြီးတော့ အကဲဆတ်ပါတယ်၊
ပိုပြီးတော့ ထိလွယ်ရှလွယ်ပါတယ်၊ ပိုပြီးတော့ သက်ရောက်မှုပြင်းပါတယ်၊
ပိုပြီးတော့ အန္တရာယ်များပါတယ်။ နိုင်ငံရေးအမြတ်ထုတ်လိုမှုနဲ့ ဘာသာရေးဆိုင်ရာ
လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ၊ ၀ါဒဖြန့်မှုတွေ ပြုလုပ်နေတဲ့သူတွေကို
ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်နေပါပြီ။ ကိုယ်တွေမြန်မာလူမျိုးက
ဘာသာရေးဆိုတာနဲ့ အင်မတန်မှကို သွေးကြွလွယ်ပါတယ်၊ မှန်တာ မမှန်တာကို
နောက်မှာထား၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ကောလာဟလ သတင်းတစ်ခုခု
ကြားလိုက်ပြီဆိုတာနဲ့ စဉ်းစားဆင်ခြင်တာကနောက် လက်သီးလက်မောင်း တန်းလိုက်တာ၊
သွေးဆူလိုက်တာက အရင်ဖြစ်သည်။ နိုင်ငံရေးခုတုံးသမားများ၊ တောကြောင်များ၊
ဆူပူအုံကြွအောင် သွေးထိုးလိုသူများ၊ ဖျာခင်းလိုသူများက အဲဒီအချက်ကို
ကောင်းကောင်းကို သဘောပေါက်ထားသည်။ ထို့ကြောင့် ထစ်ခနဲရှိ တစ်ခုခုဆိုတာနဲ့
ဘာသာရေးဆိုတာကို ဆွဲထည့်လာကြသည်။ Campaign တွေ တစ်ခုပြီးတစ်ခု
ဖန်တီးလာကြသည်။ အင်း... တွေးကြည့်ရင် ရင်လေးစရာ ဖြစ်ပါသည်။ သမိုင်းမှာ
ဖတ်ခဲ့ရတဲ့ ခရူးဆိတ်စစ်ပွဲတွေကို ဘယ်သူက ၀မ်းသာအားရ သိပ်ကောင်းတာပဲ၊
ဖြစ်သင့်တာပေါ့ဟု ယုံကြည်ခဲ့ဖူးပါသလဲ။ ကျွန်တော်တို့တွေ မအ,သင့်တော့ပါ။
သင်ခန်းစာတွေ ယူသင့်ပါသည်။
မင်းမဲ့စရိုက်ပဲ၊ အကြမ်းဖက်မှုပဲ
ရွှေဆိုင်မှာ ရိုက်နှက်ခံရတယ်ဆိုရင် တရားဥပဒေအရ ရင်ဆိုင်လို့ရပါတယ်။
ရွှေဆိုင်က လိမ်လည်တယ်ဆိုရင် ဥပဒေအရ ဖြေရှင်းလို့ရပါတယ်။ ရောင်းတဲ့လူက
လိမ်လည်တယ်ထင်ရင်လည်း ဥပဒေအရ ဖြေရှင်းနည်းတွေ ရှိတာပါပဲ။ သတင်းတွေ ဖတ်ရတာအရ
ရွှေဆိုင်ပိုင်ရှင်တွေဘက်က ထိုးကြိတ်ရိုက်နှက်ခဲ့တာ မှန်တယ်ဆိုရင်တော့ ဒါဟာ
ဥပဒေကို ချိုးဖောက်တာပါပဲ။ နိုင်ထက်စီးနင်း လုပ်တာပါပဲ။ တရားဥပဒေအရ
အရေးယူရပါတယ်။ ဒီသတင်းကိုကြားပြီး ဘာဖြစ်တာမှန်း သေသေချာချာ မသိဘဲ ကုလားက
မြန်မာကို ရိုက်တာတဲ့ကွဆိုပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် ကုလားဆိုင်တွေ
ဖျက်ဆီးတယ်၊ တွေ့သမျှကုလားကို ရိုက်တယ်ဆိုတာတော့ ဥပဒေကို ချိုးဖောက်ရုံတင်
မဟုတ်ပါဘူး။ မင်းမဲ့စရိုက်ပါ ဆန်သွားပါတယ်။ ပိုဆိုးတာက ရွှေဆိုင်မှာဖြစ်တဲ့
ပြဿနာကို အရင်းခံပြီး ဘာသာခြားတို့ ၀တ်ပြုရာ ဗလီကို ဖျက်ဆီးမီးရှို့တယ်
ဆိုတာပါပဲ။ မလုပ်သင့်တဲ့ အလုပ်ပါ။ အမုန်းခံပြီးပြောရရင်တော့ ဒါဟာ
အကြမ်းဖက်မှုပါ။ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာရဲ့
လမ်းစဉ်မဟုတ်ပါဘူး။ ဘယ်သူတော်ကောင်းကမျှ ၀မ်းသာအားရ ချီးကျူးအားပေးမယ့်ကိစ္စ
မဟုတ်ပါဘူး။
ပြီးတာနဲ့ပဲ ပြီးပါစေ
အခုတော့ ရဲတပ်ဖွဲ့ကလည်း တာဝန်ရှိတဲ့အတိုင်း ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြပြီ
ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ပွားတဲ့နေရာဝန်းကျင် လုံခြုံရေးကိုလည်း
တာဝန်ယူထားပြီလို့ သတင်းတွေမှာ ဖတ်ရပါတယ်။ လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ
အမှုအခင်းတွေရှိတာ မဆန်းပါဘူး။ အဲဒါကြောင့်လည်း ရဲဆိုတာတွေ၊
တရားသူကြီးဆိုတာတွေ၊ တရားရုံးဆိုတာတွေ၊ အချုပ်/ထောင် ဆိုတာတွေ၊
ဥပဒေဆိုတာတွေ ရှိနေတာပါပဲ။ လိုအပ်လို့ ရှိနေတဲ့ အရာတွေက လိုအပ်တဲ့အတိုင်း
ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်။ ဒါကိုကပဲ တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။
အရိုင်းအစိုင်းခေတ်ကလို လက်ပါရင် လက်နဲ့ချမယ်၊ ခဲရှိရင် ခဲနဲ့ထုမယ်၊
ဓားရှိရင် ဓားနဲ့ခုတ်မယ် ဆိုတာမျိုးတော့ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။
ရှိနေရင်လည်း အားမပေးသင့်ပါဘူး။ ၀င်မပါသင့်ပါဘူး။ ၀မ်းသာမနေသင့်ပါဘူး။
တားရပါမယ်၊ ပြောရပါမယ်၊ ဝေဖန်ရပါမယ်။ အခုဖြစ်သွားတာကို အရင်းတည်ပြီး
နောက်ဆက်တွဲ ပြဿနာတွေ၊ အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ၊ ဆူပူမှုတွေ
မဖန်တီးပါနဲ့လို့ ဒီနေရာကနေ တောင်းပန်လိုပါတယ်။ ပြီးတာတွေလည်း ပြီးပါစေ။
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ
ကိုဉာဏ်ဆိုတဲ့ကောင်ဟာ ကုလားပဲ၊ ကုလားအားပေးပဲလို့ မျက်စိမှိတ်ပြီး
ပုတ်ခတ်လာမှာတွေ၊ ဆွမ်းကြီးလောင်းလာမှာတွေကိုလည်း ကြိုဆိုနေပါတယ်။
မိရိုးဖလာနဲ့ ထေရ၀ါဒကိုတောင် ကွဲကွဲပြားပြား မခွဲခြားတတ်ဘဲ၊
ကံငါးပါးကိုတောင် လုံခြုံအောင် မထိန်းနိုင်ဘဲ ဘာသာရေးကို
ကာကွယ်နေသယောင်ယောင်၊ စိတ်ပူနေသယောင်ယောင် လူတတ်ကြီးလုပ်နေတဲ့ လူတွေရဲ့
ပြောလာမယ့်စကားတွေကို ကျွန်တော်ကိုဉာဏ် တစ်စက်ကလေးမျှ
နာလိမ့်မည်မဟုတ်ပါဘူး။ ပြုံးပြုံးကြီးဖတ်ပြီး သူတို့ကို သနားနေမိမှာပါ။ ၉၆၉
လှုပ်ရှားမှုကိုလည်း ကျွန်တော်အားမပေးဘူး၊ အရဟံဆိုပြီး တံဆိပ်အမျိုးမျိုး
ပုံဖော်ပြီး လှုပ်ရှားနေကြတာကိုလည်း သဘောမကျဘူး။ ထေရ၀ါဒမှာ ၉၆၉ ဆိုတဲ့
သင်္ကေတမရှိဘူး၊ အရဟံဆိုပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ ဆွဲနေတဲ့ သင်္ကေတတွေ
မရှိဘူး (အရဟံဆိုတာကတော့ ရှိပါတယ်။ ကျွန်တော်ပြောတာက ဟ ကို အကြီးကြီးရေး၊
အထဲမှာ အ သေးသေးလေးထည့်၊ ရ သေးသေးလေးထည့် စတဲ့ သင်္ကေတတွေကို ပြောတာပါ)။
ဘာသာရေးကို စော်ကားဖျက်ဆီးနေတဲ့အထဲမှာ ကုလားတွေ၊ ဘာသာခြားတွေ ပါမပါဆိုတာ
နောက်မှာထား၊ အဲဒီလှုပ်ရှားမှုတွေ လုပ်နေသူတွေကိုယ်တိုင်က ဘာသာရေးကို
နားမလည်ပါးမလည်နဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေကြသူတွေလို့ ကျွန်တော်က
ဒီနေရာကနေ ပြောချင်တယ်ဗျာ။ စာတတ်ပေတတ် ရဟန်းသံဃာတွေဆီမှာ ချဉ်းကပ်ပြီး
မေးမြန်းလျှောက်ထားကြည့်ကြပါ၊ ထေရ၀ါဒ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုကြပါလို့
တိုက်တွန်းလိုပါတယ်။
ဒီမိုကရေစီခေတ်ကို ရောက်ချင်သတဲ့လား
ဒီမိုကရေစီခေတ်ကို ရောက်ချင်တယ်လို့ ပါးစပ်ကနေ တတွတ်တွတ်အော်ပြီး
ရင်ထဲအသည်းထဲမှာ ကျောက်ရိုင်းခေတ် အတွေးအခေါ်၊ ခံစားချက်ပဲ
ရှိနေဦးမယ်ဆိုရင်တော့ သိပ်မနိပ်လှပါဘူးဗျာ။ မာစီးဒီးကားကြီးစီးပြီး
ပြောင်းဖူးဖက်ဆေးလိပ်ကြီး တဖွာဖွာနဲ့ ဆေးလိပ်ပြာတွေကို
ဒီအတိုင်းခြွေချနေတာ၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးပေါ်တက်
အကောင်းဆုံးအစားအစာတွေမှာပြီး ပါးစပ်ကတပျပ်ပျပ်နဲ့ စားနေတာ၊ ပန်းခြံထဲမှာ
မြက်ခင်းပေါ်မှာ လမ်းလျှောက်ပြီး ကွမ်းသွေးကို ပျစ်ခနဲထွေးနေတာ၊ စတဲ့စတဲ့
မြင်ကွင်းတွေဟာ သဟဇာတ သိပ်မဖြစ်လှဘူးလို့ မထင်မိဘူးလားဗျာ။
ဘာကိစ္စထင်ရမှာလဲ... ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် လုပ်ချင်တာ
လုပ်မှာပေါ့လို့ ဖြေခဲ့မယ်ဆိုရင်လည်း ဟုတ်ကဲ့... ကျွန်တော်ကိုဉာဏ်
ဘာမျှမပြောလိုတော့ပါ။ ရင်ဂိုရဲ့ သီချင်းတစ်ပိုင်းတစ်စက ပါးစပ်ဖျား
ရောက်လာတဲ့အတွက် နိဂုံးချုပ်အနေနဲ့ ထည့်ရေးလိုက်ပါရစေဦး။
"ရွှေပြည်တော်ရယ်... မျှော်နေလည်းဝေး... ဓူဝံကြယ်စင် မြင်နေလည်းဝေး....."။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပြီး၏