သို့သော် မိုး/ဇလက မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်ဖွယ်မရှိဟုဆို
ရန်ကုန်၊ မေ ၁၀
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော အပူပိုင်းဆိုက်ကလုန်းမုန်တိုင်း O/B အား စောင့်ကြည့်အဆင့်မှ နှိုးဆော်အဆင့်သို့ သတ်မှတ်လိုက်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
“၂၀၁၃ ခုနှစ် မေလ ၁၀ ရက် သောကြာနေ့ နံနက် ၉ နာရီ ၂၄ မိနစ်အချိန် နေ့စွဲနဲ့ Tropical Storm Risk (TSR), sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာသည့်အတွက် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း (serve cyclonic storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ ၁၄ ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်)မှာ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းချက်ထုတ်ထားပါတယ်”ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မေလ ၁၀ ရက် ညနေ ၄ နာရီက ပြောသည်။
အဆိုပါ အပူပိုင်းမုန်တိုင်းသည် ဆိုက်ကလုန်းမုန်တိုင်းတစ်ရပ်အဖြစ် မေ ၁၄ ရက် ၁၉း၀၀ (GMT စံတော်ချိန်)တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း
“အမေရိကန်ရေတပ်နှင့် လေတပ် တိုက်ဖွန်းမုန်တိုင်းသတိပေးရေး ပူးတွဲဗဟိုဌာန”ကလည်း ခန့်မှန်းဖော်ပြထားသည်။ မုန်တိုင်း၏ ကုန်းတွင်းပိုင်းသို့ ရောက်ရှိမည့်နေရာမှာ 20.0N , 92.8 E နေရာဖြစ်ပြီး ထိုနေရာဒေသတွင် တစ်မိနစ်အတွင်း အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၁၆၆ ကီလိုမီတာ (၁၀၃ မိုင်) နှုန်းဖြင့် တိုက်ခတ်နိုင်ကြောင်း တိုင်ဖုန်းမုန်တိုင်းသတိပေးရေး ပူးတွဲဗဟိုဌာနက ခန့်မှန်းထားသည်။
မုန်တိုင်းကုန်းတွင်းပိုင်းသို့ ၀င်ရောက်လာချိန်တွင် ဖြစ်နိုင်ခြေရှိသော ပျက်စီးမှုများမှာ အဆောက်အအုံ၊ အိမ်အမိုး၊ ပြတင်းတံခါးများပျက်စီးခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်နိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောက်ဆက်တွဲ ရေလွှမ်းမိုးမှုများလည်း ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် ကမ်းရိုးတန်းနှင့် မြေနိမ့်ပိုင်းဒေသများတွင်လည်း မုန်တိုင်းဗဟိုချက်သို့ မရောက်မီ ၂ နာရီမှ ၄ နာရီအတွင်း ရေကြီးရေလျှံမှုများ ဖြစ်နိုင်သည်။
“ကမ္ဘာ့ထိပ်တန်း တိုက်ဖွန်းခန့်မှန်းရေးဗဟိုဌာနဖြစ်တဲ့ JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံကို ဖြတ်မယ်လို့ ထုတ်ပြန်မထားသေးပေမယ့် (၁) လွန်ခဲ့တဲ့ ခြောက်နာရီအတွင်း အရှေ့မြောက်ဘက်ကို တစ်နာရီ ရေမိုင် ၄ မိုင် (ကုန်းမိုင် တစ်နာရီလျှင် ၅ မိုင်ခန့်)နှုန်းနဲ့ ရွေ့လာခဲ့တယ်လို့ ဖော်ပြထားတာရယ်၊ (၂) ၁၀ ရက်နေ့ ၁၂ နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8 N 93.6E လို့ ဖော်ပြထားလို့ မြန်မာပြည်ဘက်နီးလာတာရယ် နောက်ပြီး (၃) မုန်တိုင်းဗဟိုချက် အကွာအဝေးတွေကို အိန္ဒိယနိုင်ငံမြို့များမှမတိုင်းဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှ အကွာဝေးနဲ့ ပြောင်းလဲပြထားတာရယ်။ ဒါတွေကြောင့် မြန်မာနိုင်ငံဘက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်”
သို့သော် မိုး/ဇလက အဆိုပါမုန်တိုင်းမှာ အ၀ါရောင်အဆင့်သာရှိပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်ဖွယ်မရှိဟု ယနေ့ ၈နာရီသတင်းတွင် ကြေညာသွားသည်။
သို့သော် “ဘ၀င်မကျတာ တစ်ခုကတော့ မုန်တိုင်းဝင်မယ့်အချိန်ကို 14 May 19:00 UTC (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁ နာရီ ၃၀ မိနစ်) ဖြစ်နေတာ တစ်ခုပါပဲ။ ဘာပြုလို့လည်းဆိုတော့ ကျွန်တော့်အတွေ့အကြုံအရ မြန်မာပြည်ကို မုန်တိုင်းက ဘယ်တော့မှ ညဥ့်သန်းခေါင်မှာ မဖြတ်ခဲ့ဘူး”ဟု ဦးထွန်းလွင်က ပြောသည်။

Related Posts :
- Back to Home »
- သတင်များ »
- ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်မည်ဟု မုန်တိုင်းစောင့်ကြည့်ရေးဌာနများ ခန့်မှန်း