ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ့မယ် ( ၁ )
ကျွန်တော်တို့မြန်မာပြည်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ နိုင်ငံ့လူဦးရေရဲ့ ၁၀
ရာခိုင်နှုန်းအောက်သာ (အများဆုံး) ရှိပါတယ်တဲ့။ သန်းခေါင်စာရင်း ထပ်မံ
မပြုစုရသေးလို့ ယနေ့ထက်ထိ တိတိကျကျ မသိရသေးတာပါတဲ့။ စင်စစ်မှာတော့
ဘာသန်းခေါင်စာရင်းမှ ကောက်စရာမလိုအောင် (အတိအကျနီးပါး)စာရင်းဇယား
အပြည့်အစုံရှိနေပြီးသားပါ။ လ၀ကဌာန တို့၊ ဖွား/သေစာရင်းတို့၊
မှတ်ပုံတင်တို့၊ ဧည့်စာရင်းတို့ - ဘာတို့ ညာတို့ မရှိတဲ့နိုင်ငံဆိုယင်
တစ်မျိုးပေါ့။ မိမိတို့ရဲ့ နိုင်ငံသားကဒ်/မှတ်ပုံတင်မှာ လူမျိုး၊ဘာသာ
ထည့်သွင်းစရာမလိုတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုက ဒီလိုစကားမျိုးပြောလာယင်
လက်ခံချင်စရာရှိသေးတယ်။ ဒီလောက် စိစစ်တင်းကြပ်ထားတဲ့ နိုင်ငံမှာ
မသိဘူးဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ချေ မရှိတော့ပါဘူး။ လျှို့ဝှက်ထားတာပဲလို့
လူပြိန်းတောင် တွေးနိုင်ပါတယ်။
့ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါမယ်။ ဘာကြောင့် လျှို့ဝှက်ထားချင်ရတာလဲ ?
ဘယ်လောက်ပဲ လျှို့ဝှက်ပါစေ၊ တစ်ချိန်ချိန်မှာ ပေါက်ကြားသွားတာချည်းပါဘဲ။
တရားဝင်ပေါက်ကြားတာနဲ့ တရားမ၀င် ပေါက်ကြားတာဘဲ ရှိပါတယ်။
လျှို့ဝှက်ထားချင်တယ်ဆိုကတည်းက လက်ရှိသိရတဲ့ စာရင်းဇယားမှာ မမှန်ကန်မှုတွေ
ရှိနေတယ်၊ (မရိုးသားစိတ်ရှိသူများဖက်က) စိုးရိမ်စရာတစ်ရပ်ရပ်ရှိနေတယ်လို့
သုံးသပ်နိုင်ပါပြီ။ လူဦးရေဆိုကတည်းက ပမာဏအနည်းအများကို ပဓာနပြုတာပါ။
ပမာဏနည်းပါးလို့ကတော့ ဘယ်နိုင်ငံရဲ့ ဘယ်လိုအင်အားစုကမှ
ကရုမစိုက်တတ်ကြပါဘူး၊ မစိုးရိမ်တတ်ကြပါဘူး။ ဒီတော့ မထင်မှတ်လောက်အောင်
ပမာဏကြီးထွားလွန်းကြောင်း တရားမ၀င် လက်သိပ်ထိုးသတင်းပေါက်ကြားခဲ့ပြီတာကို
လူပြိန်းတောင် တွေးနိုင်ပါတယ်။ နိုင်ငံတကာရဲ့ခန်းမှန်းသုံးသပ်ချက်အရ
မြန်မာနိုင်ငံသား မွတ်စ်လင်မ်လူဦးရေဟာ ၂၀ % အောက်ထစ်ရှိနေတယ်လို့
ဆိုကြတယ်။ ဒါတောင်မှ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က လေ့လာတင်ပြမှုပဲ
ရှိပါသေးတယ်။ အခုဆိုယင် စဉ်းစားသာ ကြည့်ပေတော့။ (ဥပမာ - နိုင်ငံတော်က
အသိပေးထုတ်ပြန်တဲ့စာရင်း နဲ့ နိုင်ငံအ၀ှန်းလှည့်လည်ဟောပြောနေသူ ဦးဝီရသူ
နှုတ်ကထွက်လာတဲ့စာရင်း ကွာဟချက်အပေါ် သုံးသပ်ကြည့်ပါ။ သူ့စကားမှားနေယင်
နိုင်ငံတော်အရေးဖြစ်လို့ နိုင်ငံတော်ကသတိပေးမှာပေါ့ဗျာ)။ ဒါကြောင့်
အစ္စလာမ်ဘာသာဝင်မြန်မာနိုင်ငံသားဦးရေ ထူးထူးခြားခြား
တိုးတက်များပြားလာတဲ့အပေါ် မရိုးမသားစိတ်နဲ့ တစ်ဖက်သတ်သွေးပျက်နေသူအချို့က
နိုင်ငံသား၊ နိုင်ငံခြားသား၊ တရားဝင်၊ တရားမ၀င်၊ ဧည့်သည်၊ အိမ်ရှင် ဆိုတဲ့
ဝါဒဖြန့်စကားလုံးတွေကို ဘက်ပေါင်းစုံက High Light လုပ်လာကြတာလားလို့
ထင်စရာရှိလာတယ် (အထင်ကို ပြောတာနော်)။ တွေးမိစရာဖြစ်လာအောင်
လက်တွေ့မြင်တွေ့နေရတဲ့အချက်အချို့က ဒီလိုပါခင်ဗျာ။
မြန်မာနိုင်ငံကို တကယ်တမ်း ဖျက်ဆီးနေတာ၊ သယံဇာတကို အချောင်နှိုက်နေတာ၊
ပြည်တွင်းစီးပွားရေးကို ခေါင်းပုံဖြတ် ၀င်မွှေနေတာ၊ မြန်မာအမျိုးသမီးတွေကို
လူကုန်ကူးဖျက်ဆီးနေတာ အဓိကအားဖြင့် တရုတ်နိုင်ငံဖြစ်တယ်ဆိုတာ
တစ်နိုင်ငံလုံးက သိနေကြပါတယ်။ ဘာသာရေးရှုထောင့်ကကြည့်ဦးမလား။ တရုတ်ပြည်က
ကွန်ဖြူးရှပ်နဲ့ဘာသာမဲ့ဝါဒ ကြီးစိုးတယ်။ ဗုဒ္ဓဘာသာဆိုတာလည်း မြန်မာပြည်က
ထေရ၀ါဒမျိုး မဟုတ်ဘူး။ မဟာယန။ ဒီတော့ မြန်မာပြည်သားတွေအနေနဲ့ အမျိုး၊
ဘာသာသာသနာ၊ တိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်မယ်၊ ဒီအန္တရာယ်တွေကို
ရင်ဆိုင်တွန်းလှန်မယ်ဆိုရင် ဘယ်သူ့ကို ဦးတည်ရမလဲ။ ရှင်းနေပါတယ်။ ဒါပေမယ့်
အံမတုရဲဘူး။ ပြည်သူတွေလည်း တစ်နေ့တစ်ခြား ချွတ်ခြုံကျလာပြီ။
ရေရှည်မှာပေါက်ကွဲတော့မယ်။ ဒါကိုအာရုံပြောင်းဖို့လိုတယ်။ ဒါကြောင့်
ကုလားမနိုင်ရခိုင်မဲ အစား တရုတ်မနိုင်ကုလားမဲ
လုပ်လိုက်တဲ့အနေအထားရောက်သွားသလား ?
မြန်မာပြည်ကလူတွေအများစုကလည်း အပျော်အပါးမက်တယ်။
ပညာမတတ်သူ/အခြေခံကျကျမစဉ်းစားတတ်သူတွေ တောင်ပုံရာပုံ။ ခရိုနီတွေ
ရေရှည်လက်ဝါးကြီးအုပ်ထားနိုင်ဖို့အတွက် အရက်သေစာ၊ လောင်းကစား၊
အကျင့်ပျက်မှုနဲ့အချောင်သမား စိတ်ဓာတ်တွေအကြား ပြည်သူတွေကို မသိမသာ
နစ်မြှုပ်သွားအောင်တွန်းလွှတ်ထားတယ်။ လူတွေက နိုင်ငံရေးအသိ မရှိလေ
အာဏာရှင်တွေ ခရိုနီတွေ သက်ဆိုးရှည်လေဘဲ မဟုတ်လား။ တစ်ခြားတစ်ဖက်ကကြည့်ယင်
မွတ်စ်လင်မ်တွေက ဘာသာရေးစည်းမျဉ်းအရ ဒီအခြေအနေကို ဆန့်ကျင်စွာ
နေထိုင်ရှင်သန်နေရတယ်။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ ရေရှည်မှာ
ဒီလူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်း နှစ်ရပ်က တဖြည်းဖြည်းနဲ့ကွာဟချက် မကြီးမားဘဲ
ဘယ်နေလိမ့်မလဲ။ ကွာဟချက်ကြီးမားမှုကို လက်ညှိုးထိုးပြနိုင်ယင် အာရုံလွှဲမှု
အောင်မြင်တယ်။ အသိဥာဏ်နဲ့စာရိတ္တနိမ့်ကျအောင် ပုံသွင်းထားပြီးတဲ့
လူ့အဖွဲ့အစည်းဟာ အလွယ်တကူ ပေါက်ကွဲနိုင်တယ်။
အသိဥာဏ်နဲ့ပညာမြင့်မားပါတယ်ဆိုတဲ့ လူ့ဝန်းကျင်တွေမှာတောင်
ထိလွယ်ရှလွယ်အဖြစ်ဆုံးက ဘာသာရေး၊ ဒုတိယကတော့ လူမျိုးရေးဖြစ်တယ်ဆိုတော့
ဒီကိစ္စတွေဟာ အလွယ်ကူဆုံးအုံကြွစေနိုင်တဲ့ အကောင်းဆုံး
ထောက်ချောက်ဖြစ်မသွားဘူးလား။ သံသယ၊ စိုးရိမ်သောက နဲ့
မနာလိုဝန်တိုမစ္ဆေရိယစိတ် များများရိုက်သွင်းနိုင်လေ ပေါက်ကွဲအား
ပြင်းထန်လေဖြစ်တဲ့အတွက်ကြောင့် လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှု
လှုံ့ဆော်ချက်တွေ/ အကွက်ဖော်နေမှုတွေကို မကြီးကြီးထွားလာဖို့
ရည်ရွယ်ချက်ရှိရှိ တမင်လွှတ်ပေး-လမ်းကြောင်းပေးထားတာ အခုဆိုယင်
ငြင်းမရနိုင်အောင် ပေါ်လွင်နေပါပြီ။ ကာလရှည်နိုင်ငံရေးလှည့်ကွက်မှာလည်း
လူနည်းစု ခရစ်ယာန်တွေ၊ မွတ်စ်လင်မ်တွေဖက် မကြာခဏ အကွက်ဝင်လာတာနဲ့
ကောက်ကျစ်စွာ လှည့်ထုတ်ပေးလေ့ရှိတယ်။ ကဲ့ - လိုရင်းဖက် တစ်ချက်
ပြန်ကြည့်ရအောင်။
ထိပ်သီးအစ္စလာမ့်ဆန့်ကျင်ရေးသမားတွေဟာ အစ္စလာမ်အကြောင်း
လေ့လာထားသူများတယ်ဆိုတာ သိထားဖို့ အရေးကြီးတယ်။ အဲ့ဒီလူတွေက
သာမန်မွတ်စ်လင်မ်တွေထက် ဘာသာရေးအကြောင်းတော်တော်များများသိနေတယ်
အစ္စလာမ့်လောကထဲက အားနည်းချက်တွေကိုလည်း ကောင်းကောင်းသိပြီးသားဖြစ်တယ်။
(ဟိုတစ်လောတင် မီဒီယာက တစ်ချက်လေးဘဲ မသိမသာပညာပြလိုက်တာနဲ့
အစ္စလာမ်ခေါင်းစဉ်အောက်က ခံနေရသူအချင်းချင်း သွေးကွဲစေခဲ့တာကို
ဖင်ပိတ်ငြင်းနေမယ့်အစား မြင်အောင်ကြည့်တတ်ဖို့လိုအပ်နေပြီ)။
အစ္စလာမ်သာသနာမှာ သာသနာ့ကျင့်ဝတ်အရ မိမိနိုင်ငံကိုချစ်ရမယ်၊
သစ္စာစောင့်သိရမယ်၊ နိုင်ငံနဲ့လူထုအကျိုးကို ဆောင်ရွက်ရမယ်၊ တရားမျှတစွာ
ဆက်ဆံပြုမူကျင့်သုံးရမယ် စသဖြင့် သွန်သင်ထားကြတယ်။ ဒီတော့ အဖြေက
ရှင်းပါတယ်။ နိုင်ငံတော်တိုးတက်ရေးနဲ့အုပ်ချုပ်ရေးအပိုင်းမှာ
မွတ်စ်လင်မ်တွေ နေရာရလာတာနဲ့အမျှ ပြည်သူတွေအဖို့
အသိအမြင်ပိုမိုပွင့်လင်းပြီး တိုးတက်ကောင်းစားလာကြမယ်။ အာဏာရှင်တွေ၊
ခရိုနီတွေ မြောင်းထဲရောက်မယ်-အထိနာတော့မယ်။ ဒီမိုကရေစီလို့ကမ္ဘာကို
ကြေငြာထားတဲ့အတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကျင်းပရမယ်။ အာဏာ
နဲ့နေရာအတွက် ပြည်သူတွေရဲ့မဲလိုတယ်။ မဲလိမ်လိုက်တိုင်းလည်း
အလိမ်ပေါ်ရပြန်တယ်။ မဲအရေအတွက်က လူအရေအတွက်ပေါ်မူတည်တယ်။ မဲအတွက်
လူဦးရေစာရင်းကြည့်လိုက်တဲ့အခါ မွတ်စ်လင်မ်တွေရဲ့ပမာဏကြောင့်
တုန်လှုပ်သွားစရာ ပေါ်ပေါက်သွားလေသလားလို့
ဖြစ်နိုင်ချေတစ်ခုကိုစဉ်းစားမိကောင်းပါလိမ့်မယ်။
မြန်မာပြည်လွတ်လပ်ရေးရတာနဲ့မရှေးမနှောင်း
(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမျိုး မဟုတ်ဘဲ) နိုင်ငံတစ်ခုအနေနဲ့ ပထမဆုံး
ခွဲထွက်ချင်တာ ရခိုင်ဖြစ်ခဲ့တယ်။ သမိုင်းကြောင်းမှာ အထင်အရှားဖြစ်တယ်။
ပြည်ထောင်စုမပြိုကွဲဖို့အတွက် ရခိုင်ပြည်နယ်ဒေသခံ
ရိုဟင်ဂျာမွတ်စ်လင်မ်တွေအားလုံးက တစ်ခဲနက်ကန့်ကွက်ပယ်ချခဲ့တယ်။
မိမိတို့အကြံအစည် အထမမြောက်ခဲ့တဲ့အတွက် ဗမာတွေကိုမလှန်နိုင်တဲ့ အာဏာရူး
ဘုရင်ရူး ရခိုင်မျိုးဆက်တွေက ရိုဟင်ဂျာတွေအပေါ် သားစဉ်မြေးဆက်
အငြိုးထားခဲ့တယ်။ ဒီမိုကရေစီအကူးအပြောင်းအကြပ်အတည်းကာလမှာ ဒီလိုလူစားတွေက
တစ်ချက်ခုတ် သုံးချက်ပြတ် စံနစ်တကျ စီမံလိုက်တာများလားလို့ စဉ်းစားစရာပါ။
တစ်စင်ထောင်ချင်တဲ့ပြည်နယ်အတွင်း ဒေသခံတွေအကြား
အဓိကရုဏ်းတွေပဋိပက္ခတွေလွှမ်းမိုးသွားယင် ဒီဇာတ်လမ်းရှေ့မဆက်နိုင်တော့ဘူးလေ။
တစ်ခါ ရိုဟင်ဂျာတွေကို နိုင်ငံသားမဟုတ်သလို လုပ်ဇာတ်ခင်းနိုင်ယင်
(အာဏာရှင်နဲ့ခရိုနီဝါဒ လက်မခံတဲ့)
မွတ်စ်လင်မ်တွေရဲ့မဲအရေအတွက်လျှော့ချနိုင်ယုံမက၊
နိုင်ငံသားအခွင့်အရေးပျောက်ဆုံးတဲ့အတွက် တိုင်းပြည်အရေးထဲ
မပါဝင်နိုင်တော့ဘူးပေါ့။ ပြီးတော့ ဒီပဋိပက္ခမီး
တစ်နိုင်ငံလုံးဆက်လက်ကူးစက်တဲ့အခါ (0IC ကိစ္စမှာ
သွေးတိုးစမ်းထားတဲ့အိုင်ဒီယာအတိုင်း) “ပြည်သူ့ဆန္ဒ” ဆိုတဲ့စကားလုံးနဲ့
မြန်မာမွတ်စ်လင်မ်ထုတစ်ရပ်လုံးကို နိုင်ငံသားအခွင့်အရေးလက်မဲ့
ဖြစ်သွားစေမယ်ပေါ့။ သို့တည်းမဟုတ် ဒီအကြမ်းဖက်မှုတွေကိုပြပြီး
မွတ်စ်လင်မ်ထုရဲ့မဲတွေကို တစ်ဖက်လှည့်အကြပ်ကိုင် သိမ်းယူမယ်ပေါ့။
တခြားလူနည်းစုတိုင်းရင်းသားတွေရဲ့ မဲနဲ့အခွင့်အရေးကို ပယ်ထုတ်ဖို့က
အခက်အခဲရှိနေတယ်။ သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့တွေ ကိုယ်စီရှိနေကြလို့ပါ။
အသည်းကြားက မဲပြားကို ဆော့ကစားနိုင်ဖို့ ဘာလက်နက်မှမရှိတဲ့၊ ဘာစစ်တပ်မှ
မရှိတဲ့ မွတ်စ်လင်မ်ထုဖက် မြှားဦးလှည့်တဲ့လမ်းက အလွယ်ကူဆုံးဘဲ မဟုတ်လား။
လက်ရှိဖြစ်စဉ်တွေ၊ လုပ်ရပ်တွေကြောင့် ဒီအချက်အလက်အနည်းအကျဉ်းလောက်ကို
သုံးသပ်ကြည့်တာနဲ့တင် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ
လူနည်းစုစာရင်းဝင် မဟုတ်တော့ဘူးလို့ ရှေ့ဖုံးနောက်ပေါ်ဖြစ်လာရပါပြီ။
ဒီအင်အားစုဟာ အမှန်တကယ်တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊
တိုင်းရင်းသားတွေနဲ့ ပူးပေါင်းသွေးစည်းညီညွတ်ခဲ့ယင် အာဏာရှင်စံနစ်၊
ပဒေသရာဇ် ခရိုနီစံနစ်က မြန်မာပြည်မှာ တကယ့်ကို ထာဝရချုပ်ငြိမ်းသွားတော့မှာ
မလွဲဘူး။ ဒါကြောင့် သမာသမတ်ကျတဲ့ဝါရင့်နိုင်ငံရေးသမားတစ်ချို့က
မွတ်စ်လင်မ်တွေကို လူနည်းစုဖြစ်သွားအောင်၊ အများကလက်မခံတော့အောင် တမင်
ဖန်တီးနေတာလို့ သုံးသပ်လာကြပါပြီ။
နောက်ဆုံးနိဂုံးချုပ်ရယင် မြန်မာပြည်မှာ မွတ်စ်လင်မ်လို့ခေါ်ဆိုတဲ့
(သီးသန့်လူမျိုးစုမရှိ၊ အပိုင်စားနယ်မြေမရှိ၊ လက်နက်မရှိ၊ စစ်တပ်မရှိ၊
အာဏာမရှိ၊ နိုင်ငံတော်ကိုပုန်ကန်မှုလည်းမရှိ၊ ဘာအကြမ်းဖက်မှုမှလည်း မရှိတဲ့)
အစ္စလာမ်ဘာသာဝင်တွေက “ လူနည်းစု ” တကယ်ဖြစ်ရိုးမှန်နေယင် သူတို့အပေါ်
ဒီလောက်အထိ သောက်သောက်လဲ သည်းသည်းလှုပ် အဖြစ်ကဲနေစရာအကြောင်း
မရှိနိုင်ပါလို့ ရိုးရိုးလေးပဲ စဉ်းစားမိပါတော့တယ်ခင်ဗျား။
credit>>M M S Y -July YeYint