ရေဗာငွေဆိုတာ ဘဏ်တွေကနေ ရနေတဲ့ သာသနာက ခွင့်မပြုတဲ့ အတိုးငွေကဲ့သို့သော တရားမ၀င်ငွေတွေကို ဆိုလိုတာပါ။
ဒီငွေတွေနဲ့ပါတ်သက်ပြီး ကျနော် အကြံပြုချက်တစ်ခုကို တင်ပြခဲ့ဖူးပါတယ်။ အဲ့ဒီ တင်ပြချက်ကို အမြင်သဘောထားအမျိုးမျိုး ကွဲပြားစွာနဲ့ ဆွေးနွေးကြာတာတွေကို တွေ့ရပါတယ်။
တချို့ကတော့ ဒုက္ခရောက်နေရတဲ့ မွတ်စ်လင်မ်တွေကို ပေးချင်တယ်လို့ ပြောဆိုတာတွေလဲ ရှိပါတယ်။ ကျနော့်အမြင်ကတော့ မွတ်စ်လင်မ် ဒုက္ခသည်တွေ၊ ဆင်းရဲသူတွေအတွက် အခြားသော တရားတော်က ပေးကမ်းဖို့ တရားဝင် ခွင့်ပြုပေးထားတာတွေ၊ ပြဌာန်းပေးထားတာတွေက ရှိနှင့်ပြီးသားပါ။ ဥပမာ ဇကားသ်လို ငွေကြေးမျိုးတွေပေါ့။
ဒါကြောင့် ရေဗာငွေတွေကို ဒုက္ခသည်တွေကို ပေးမယ့်အစား ရေရှည်အသုံးပြုလို့လဲရမယ့်၊ အများသူငါအတွက်လည်း အကျိုးရှိနိုင်မယ့်ဟာတွေမှာ သုံးပေးလိုက်သင့်တယ်။ ဥပမာ မွတ်စ်လင်မ်ရွာတွေ မြန်မာပြည်မှာ အများကြီးရှိတယ်။ အစိုးရရဲ့ ဘက်လိုက်မှုတွေကြောင့် မွတ်စ်လင်မ်ရွာတွေ ဖွံ့ဖြိုးမှုတွေမှာ နှောင့်နှေးနေရတယ်။
ဥပမာ မိတ္ထီလာသားတွေ ဒုက္ခရောက်တုန်းက အပြည့်အ၀ ကူညီခဲ့တဲ့ မိုဟာဂျေရီးတွေလို့ ပြောလို့ရတဲ့ ယင်းတော်ရွာဆိုရင် အစိုးရက ဖွံ့ဖြိုးမှုမရှိအောင် တမင်လုပ်ထားတယ်။ ရွာကို မီးပေးဖို့ စစ်အစိုးရလက်ထက်က ဘောလုံးပြိုင်ပွဲ လုပ်ရတယ်။ (နှစ်အရေအတွက် မမှတ်မိတော့ပါ) နှစ်ဆက်တိုက် ဒိုင်းဆုရမှ ရွာကို မီးပေးမယ်လို့ ပျော်ဘွယ်မရကရဲ့ အမိန့်ကြောင့် ဘောလုံးဝင်ပြိုင်ရတယ်။ ရွာက အခြေခံလူတန်းစားများတော့ ဘောပွဲအတွက် ငွေမသုံးနိုင်ခဲ့ဘူး။ တောင်ငူတွေဘာတွေက နိုင်ငံ့လက်ရွေးစင်ပြုတ် မွတ်စ်လင်မ် ကစားသမားတွေကို ခေါ်ချင်လို့ ကျနော့်အပါဆီမှာ အကူအညီတောင်းလို့ ချိတ်ပေးခဲ့ပေမယ့် အဆင်ပြေအောင် မကျွေးမွေးနိုင်လို့ နယ်က ကစားသမားတွေ ကြာကြာမနေနိုင်ကြဘူး။ နောက်ဆုံး ဘောပွဲကို မနိုင်တာနဲ့ မီးမရဘူး။ အခု အိမ်နီးချင်းရွာတွေက ဖွံ့ဖြိုးနေတာ များပေမယ့် မွတ်စ်လင်မ်ရွာဖြစ်လို့ ဖွံ့ဖြိုးမှုတွေ နှေးကွေးနေတယ်။ ယင်းတော်လို မွတ်စ်လင်မ်ရွာတွေ အများကြီး ရှိပါတယ်။
အဲ့ဒီလိုနေရာတွေမှာ ရွာလယ် မိန်းလမ်းကို ကွန်ကရစ်လမ်းတွေ ဖောက်ပေးတာမျိုး၊ ရွာက အစိုးရ စာသင်ကျောင်းလေးတွေကို ပြင်ဆင်ပေးတာမျိုး၊ ရွာပါတ်လည် အုတ်တံတိုင်း ခတ်ပေးတာမျိုး၊ ရွာထဲက ချောင်းကူး၊ မြစ်ကူးတံတားတွေ ဆောက်ပေးတာမျိုး၊ နားနေဇရက်တွေ ဆောက်ပေးတာမျိုးတွေကို အဲ့ဒီငွေတွေနဲ့ လုပ်ပေးသင့်ပါတယ်။
အကောင်းဆုံး အကြံပြုချင်တာကတော့ အဲ့ဒီအရာတွေထက် အခုချိန်မှာ ရေအရမ်းခက်ခဲနေတဲ့ ဗမာတွေဆီသွားပြီး ရေတွင်းတွေ တူးပေးသင့်ပါတယ်။ မွတ်စ်လင်မ်တို့ရဲ့ သဘောထားကြီးမှုကို အခုချိန်မှာ ပြပေးသင့်ပါတယ်။ ရွာသားတွေဟာ ဘုန်းကြီးတွေ မှိုင်းတိုက်လို့သာ ဘုမသိ ဘမသိနဲ့ အစ္စလာမ်ကို မုန်းနေတာပါ။ သူတို့ကို နားလည်လာအောင် ကျနော်တို့က ထိတွေ့ဆက်ဆံမှုတွေနဲ့ ပါးနပ်စွာ လုပ်ဆောင်သင့်ပါတယ်။ အခုလို ကိုယ့်ဆီက အတိုးလို ငွေတွေကို သုံးပြီး သူတို့အတွက် အရမ်းလိုအပ်နေတဲ့အရာကို ဖြည့်ဆည်းပေးမယ်ဆိုရင် သူတို့ အရမ်း သဘောကျမှာပါ။ ဗမာလူမျိုးတွေဟာ ရေကုသိုလ်ကို သိပ်မြတ်တယ်လို့ ယူဆကြတဲ့သူတွေပါ။
ကျနော်တို့ကိုယ်တိုင် အခုလက်တွေ့ ဆိုင်မှာ ကြုံရတာတွေ ရှိပါတယ်။ ရွာတွေက ရွာသားတွေဟာ အလုပ်လာအပ်တာတွေ ရှိပါတယ်။ တချို့က ကုလားဆိုင်လို့ ပြောပြီး ၀င်မလာဘဲ ဆိုင်ပေါက်ကနေ ပြန်လှည့်ထွက်သွားတာတွေ ရှိပါတယ်။ ပြန်ရောက်လာတာတွေလဲ ရှိပါတယ်။ အဲ့ဒီလို ရောက်လာတဲ့သူတွေကို ပြန်မေးကြည့်မိတာတွေလဲ ရှိပါတယ်။ သူတို့ဟာ မြင်မြင်ချင်းမှာ လူကို စူးစူးဝါးဝါးအကြည့်တွေနဲ့ ကြည့်တတ်ကြပြီး၊ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတွေကြောင့် စကားအပြောအဆိုတွေမှာလည်း မယဉ်ကျေးမှုတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ နွေးထွေးခြင်းတွေ၊ မေတ္တာတရားတွေကို မြင်ရတဲ့အခါမှာတော့ သူတို့ဟာ ကိုယ့်အပေါ် ရင်းနှီးခင်မင်ခြင်းတွေ ဖြစ်လာတတ်ကြပါတယ်။ နောက်ပိုင်းမှာ မိတ်ရင်းဆွေရင်းတွေ ဖြစ်ပြီး သူ့ရွာကို အလည်ခေါ်တာတွေ၊ သူ့အလှူကို ဖိတ်တာတွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဆိုင်ကို အလုပ်လာအပ်ရင်တောင် သူ့ခြံထွက် သီးနှံတွေကို အခိုင်လိုက် အပြွတ်လိုက်တွေ တနင့်တပိုးကို လက်ဆောင်အဖြစ် တကူးတက မလာပြီး ပေးလေ့ရှိလာကြပါတယ်။
ကျနော်တို့ဟာ ထိတွေ့ဆက်ဆံမှုအပိုင်းတွေမှာ အရမ်းအားနည်းလာတာတွေဟာ ၀ီရသူလိုကောင်တွေကို သွေးထိုးဖို့ မျက်နှာသာပေးနေသလို ဖြစ်လာပါတယ်။ တကယ်ဆိုရင် အစ္စလာမ်ရဲ့မေတ္တာ၊ မွတ်စ်လင်မ်တို့ရဲ့ သဘောထားကြီးမှုတွေနဲ့ သူတို့ကို ထိတွေ့ဆက်ဆံခဲ့မယ်ဆိုရင် အဲ့ဒီလို ရွာမျိုးတွေကို ၀ီရသူတရားသွားဟောရင် ရွာသားတွေက ရိုက်တောင် ထုတ်ပစ်နိုင်ပါတယ်။ ဟိုတုန်းက လူကြီးတွေအချိန်မှာ အားမ်ဿအ်ဝသ်တွေဟာ မကြာခဏ ကြားဖူးခဲ့ရပေမယ့် အခုတော့ အရိပ်အငွေ့တောင် ရှာမတွေ့တော့ပါဘူး။ သူတို့တွေကို ကျနော်တို့ဘက်က အများကြီး သဘောထားကြီးပြီး ထိတွေ့ဆက်ဆံဖို့ကိုတော့ အလေးအနက် တိုက်တွန်းသလို အားပေးပါတယ်။
ဒီလူမျိုးဟာ (ရိုင်းရိုင်းပြောရရင်) ငတ်ကြီးအလွန်ကျပြီး ရိုးအတယ်လို့ ပြောလို့ရပါတယ်။ အပျော်အပါးလဲ အလွန်မက်မောတဲ့သူတွေဖြစ်လို့ လူစုလူဝေးတွေရှိရာကို လိုက်လေ့ရှိပါတယ်။ သူတို့ကို ကျနော်တို့အနေနဲ့ ထိတွေ့ဆက်ဆက်မှုတွေကတဆင့် Brain Wash လုပ်ပေးနိုင်ရင် အရမ်းကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒါကို ဥပမာ ပေးရရင် ကျနော်တို့ အီးဒ်နေ့တွေ ရမ္မဿွန်လတွေဆို အိမ်နီးချင်း ဘော်ဒါတွေလည်း ငယ်ငယ်က ၀င်ပျော်တတ်ကြပါတယ်။ အလှူတစ်ခုကို ၀င်စားရရင်လဲ ပျော်တတ်ပါတယ်။ အီးဒ်နေ့မှာ အီတီလိုချင်လို့ အ၀တ်အစား အသစ်ဝတ်ပြီး ဟန်ဆောင်စလာမ်ပေးကာ လိုက်တောင်းတတ်ကြပါတယ်။ ရမ္မဿွာန်လ ဗလီက ဂန်ဂျီ၊ ဟလင်မ်၊ ရှရ်ဝါတွေကို သောက်ချင်လွန်းလို့ နယ်တွေမှာဆို ဗလီကို ပုံမှားရိုက်ပြီး ၀င်ဝင်တောင်းလေ့ရှိကြပါတယ်။ ဟိုတုန်းက အာမ်ဿးအ်ဝသ်တွေမှာလဲ သူတို့တွေက ၀င်စားကြပြီး ပျော်ကြပါတယ်။ အဲ့ဒီလို နေရာတွေမှာ ကျနော်တို့က သဘောထားကြီးကြီးနဲ့ သူတို့ကို အရေးတယူ ဆက်ဆံပြီးတော့ အစ္စလာမ့်ရဲ့ ကိုယ်ကျင့်တရား မေတ္တာတရားတွေကို ပြလိုက်တာဟာ ကျနော်တို့ရဲ့ ကြီးမားတဲ့ ဿအ်ဝသ်ရဲ့ ချဉ်းကပ်မှုလို့ မြင်မိပါတယ်။
ပွဲခံပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေလုပ်နေခြင်းထက် ယခုလို လုပ်ဆောင်ခြင်းတို့ဟာ လက်တွေ့ပိုဆန်တယ်လို့ ကျနော့်ရဲ့ အမြင်သဘောထားအမြင်သက်သက်ကို တင်ပြပေးခြင်းသာ ဖြစ်ပါတယ်။ သာသနာ့ဘောင်အတွင်းကနေ လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်။
Related Posts :
- Back to Home »
- အစ္စလာမ်ရေးရာ »
- မြန်မာမွတ်စ်လင်မ်တွေရဲ့ ရေဗာငွေတွေကို ဘယ်လို သုံးသင့်လဲ?