နာမည်ခံ ဒီမိုကရေစီ
နှစ်ပေါင်း ၅၀ နီးပါး အာဏာပိုင် စနစ်နဲ့
အုပ်ချုပ်ခဲ့တဲ့ အစိုးရ ဟာ နိုင်ငံတကာနဲ့ ဆက်ဆံ ရာမှာ သီးခြားဖြစ်နေပြီး
နိုင်ငံတကာ လုပ်နည်း လုပ်ဟန်တွေနဲ့ ဝေးကွာ ခဲ့ပါတယ်။ နိုင်ငံကို
ပြောင်းလဲလို တဲ့ တပ်မတော်ခေါင်းဆောင် တချို့နဲ့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်း စုကြည်တို့ ပူးပေါင်းပြီး မြန်မာ့နိုင်ငံရေး အခြေအနေ
ပိုမိုကောင်းမွန် လာဖို့ ကြိုးစား နေကြတာကို နိုင်ငံတကာက အသိအမှတ်
ပြုခဲ့ကြတာ တွေ့ရပါတယ်။ လူထုက မကြိုက်ဘဲ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို
ပြုပြင်မယ့် သူနဲ့ ခုခံမယ့်သူတို့ လွှတ်တော် အတွင်းမှာ တွေ့ဆုံ
စကားပြောကြတဲ့ အခြေအနေကို ရောက်နေကြပြီ။ အကြိတ်အနယ် ပြောဆို ဆွေးနွေးတာထက်
အီလေးဆွဲ၊ မလိုအပ်တာ တွေမှာ အချိန် ကုန်နေတဲ့ လွှတ်တော်ကြီးဟာ နိုင်ငံတကာ
စံချိန် စံနှုန်းတွေ၊ လုပ်ပုံ ကိုင်ပုံတွေကို အတုယူဖို့ လိုအပ်နေပါတယ်။
သို့သော် နာမည်ခံ ဒီမို ကရေစီ စနစ်ဆိုတော့ လုပ်ပိုင်ခွင့်ရှိသူတွေက
ခြယ်လှယ်နေတုန်း ပါပဲ။ ထိုအခြေအနေမှ ပွင့်လင်းမြင်သာတဲ့
လုပ်ကိုင်မှုမျိုးနဲ့သာ ရှေ့ကို တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
နည်းပညာ အခက်အခဲ
တကယ်တော့
မြန်မာပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အဆောက်အဦ များဟာ
အရှေ့တောင်အာရှမှာ အနိမ့်ဆုံး အဆင့်ထဲမှာ ရှိတယ်လို့ ပြောရပါမယ်။
ရန်ကုန်မြို့မှာတင် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ၊ ပညာရေးနဲ့
ကျန်းမာရေး စတာ တွေ အခက်အခဲရှိတာကို တွေ့ရပါမယ်။ မလေးရှားတို့၊
ထိုင်းတို့မှာ တောနယ်လေးတွေ မှာတောင် လျှပ်စစ်မီး ရရှိနိုင်ပေမယ့်
မြန်မာပြည် ရဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ
လျှပ်စစ်မီးပုံမှန် မရရှိသေးပါဘူး။ လျှပ်စစ်မီး လုံးဝမရရှိသေးတဲ့
တောနယ်တွေက မြန်မာပြည် အနှံ့အပြားမှာ ရှိနေဆဲပါ။ လတ်တလော မြန်မာ့ဆက်
သွယ်ရေးက ကောက်ခံမယ်ဆိုတဲ့ အင်တာနက် သုံးနှုန်းတွေဟာ လက်ဝါးကြီး
အုပ်သူတွေရဲ့ အမြတ်ထုတ်မှုတွေကို တွေ့ရပါမယ်။ တကယ်တော့ ပြောင်းလဲ
တိုးတက်မှုကို ဦးတည်နေတယ် ဆိုရင် နိုင်ငံ သား တစ်ဦးချင်းစီရဲ့ဝင်ငွေကို
ထည့်တွက်ရပါမယ်။ နိုင်ငံတကာ ဈေးနှုန်းထက် ပိုမိုမြင့်မားတဲ့
ကောက်ခံမှုမျိုးဟာ နည်းပညာ သုံးစွဲသူ တွေကို ဟန့်တား လိုက်သလို ဖြစ်စေပါတယ်။
တာဝန်ခံမှုနဲ့ တာဝန်ယူမှု
ဒီမိုကရေစီ
စနစ်ကို ဦးတည်နေတဲ့ အစိုးရ တစ်ရပ်ဟာ တာဝန် ခံမှုနဲ့ တာဝန်ယူမှု
ရှိသင့်ပါတယ်။ ကြိုတင် တွေးတောမှုမျိုး လည်းရှိ သင့်ပါတယ်။
လက်ပန်တောင်းတောင် အရေးအခင်းမျိုးမှာ ဖြစ်ပျက် သွားတဲ့ အခြေအနေတွေ အပေါ်မှာ
အမြန်ဆုံး တာဝန်ယူမှု ရှိသင့်ပါ တယ်။ ဒါကလည်း နှစ်ပေါင်း ၅၀ လောက်
ထင်ရာစိုင်းလာခဲ့တဲ့ မြန်မာအစိုးရအနေနဲ့ အကျင့်ဖြစ်အောင် အတော်လုပ်ယူရမယ့်
အခြေ အနေပါ။ အရာရာကို အရင်အစိုးရ ဆိုပြီး လွှဲချဖို့ မသင့်တော်ပါဘူး။ အရင်
အစိုးရက ဒီလိုလုပ်ခဲ့ပြီးပြီ၊ အခုအစိုးရက ဘယ်လို ပွင့်လင်းမြင်
သာမှုမျိုးနဲ့ ကိုင်တွယ်မလဲ ဆိုတာ အရေးကြီးပါတယ်။ မလုပ်ခင် မပြောခင်မှာ
လုပ်ပြီး ပြောပြီးရင် ဘာဆက်လုပ်မလဲ ဆိုတာကိုပါ ထည့်စဉ်းစားထားဖို့
လိုပါမယ်။ ဥပမာ ပေးရမယ် ဆိုရင် “သမ္မတရုံး ရဲ့ ၁၁/၂ဝ၁၂ ကြော်ငြာ”
လိုဖြစ်သွားတဲ့ လုပ်ရပ်ဟာ ကြိုတင်ပြင် ဆင်မှု ဘာမှ မရှိသလို တာဝန်ယူမှု
ကင်းမဲ့နေတာကို တွေ့ရပါတယ်။
နိုင်ငံတကာ
ဥရောပ
နိုင်ငံများနဲ့ အမေရိကန်တို့က စီးပွားရေး ပိတ်ဆို့မှုတွေ ကို
လျှော့ချခဲ့လို့ နိုင်ငံခြား ကုမ္ပဏီ တော်တော်များများဟာ မြန်မာ
နိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ဖို့ အလုံးအရင်း ဝင်ရောက် လာကြ ပါပြီ။
လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်များလည်း ပိုမို များပြားလာပါတယ်။
အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့ အတူ မြန်မာပြည်ဟာ ကမ္ဘာရဲ့
အာရုံစိုက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ် လာပါတယ်။ အရှေ့တောင်အာရှ
နိုင်ငံများကလည်း ဈေးကွက်ရှာ ခြင်း၊ လုပ်ကွက်ရှာခြင်း များကို လုပ်ကိုင်
လာခဲ့တာကြောင့် မြန်မာပြည်ဟာ ဗီယက်နမ်ရဲ့ တိုးတက်မှု နောက်ကို
လိုက်လိမ့်မယ်လို့ တွက်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒီလိုနိုင်ငံရေး အခြေအနေ
တိုးတက်မှုတွေဟာ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် ခြယ်လှယ်
လုပ်ကိုင်လာခဲ့တဲ့ တရုတ်နိုင်ငံအဖို့ စိတ်လေးစရာ ဖြစ်ပါလိမ့်မယ်။
နောက်ပြန်ဆွဲလိုသူများ
အပြောင်းအလဲ
ကာလမှာ နောက်ပြန်လိုသူတွေဟာ ခေတ်တိုင်း မှာ ရှိပါတယ်။ ဒါကလည်း ကိုယ်အသားကျ
နေပြီးသားဖြစ်တဲ့ အခြေအနေ တစ်ခုကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို
သွား နေမှန်း သိသော်လည်း အသားကျနေတဲ့ သာယာမှုတွေကို စွန့်လွှတ် လိုက်ဖို့
ခက်ခဲတတ်ကြပါတယ်။ အစိုးရဘက် အပိုင်းမှာလည်း ရှိနိုင် သလို တော်လှန်ရေးမှာ
သာယာတတ်တဲ့ သူတွေမှာလည်း ရှိတတ်ပါ တယ်။ တော်လှန်ရေးတိုက်ပွဲ မရှိရင်
စိတ်လက်မအီမသာ ဖြစ်တတ်တဲ့ အတိုက်အခံ တွေလည်း ရှိပါတယ်။ ရရင်ရ မရရင်ချဆိုတဲ့
အခြေ အနေထက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း ဟာလည်း မြန်မာ့
နိုင်ငံရေးဖြစ်စဉ်မှာ အားနည်းလေတော့ စိတ်မရှည်သူတွေ ရှိကောင်း
ရှိပါလိမ့်မယ်။
ခြေလှမ်းတွေနောက်ကျ
အရင် စနစ်တွေမှာ
ပြည်သူနဲ့မီဒီယာက အစိုးရနောက်ကို လိုက်ကြရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက
ထင်ရာစိုင်းခဲ့သလို ဘာလုပ်လုပ် ဖြေရှင်းမှုမရှိခဲ့လို့ပါ။
အစိုးရရဲ့ခြေလှမ်းကို တွက်ဆဖို့ ခက်ခဲ လွန်းလှပါတယ်။ အခုစနစ်မှာတော့ ဒီလို
မလုပ်သင့်တော့ပါ ဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့ဝင် တော်တော်များများဟာ
နှစ်ငါးဆယ် လောက် ကျင်လည်ခဲ့တဲ့ အမူအကျင့်တွေကို ရုန်းမထွက်နိုင် သေးပါ
ဘူး။ မြန်ဆန်တဲ့ အင်တာနက် စနစ်နဲ့ မီဒီယာသမား တွေရဲ့ ထိရောက် မှုဟာ
အစိုးရကို သတင်းထိမ်ချန်မှုတွေ မရှိနိုင်အောင် တွန်းအားတွေ ပေးနေတာ
တွေ့ရပါတယ်။ ဒီလိုပါပဲ။ နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့
တရုတ်နိုင်ငံဟာ မြန်မာအစိုးရ ဘာမှမပြောနိုင်ခင် မှာပဲ ကြေညာချက်တွေ
ထုတ်ပြီး မြန်မာပြည်တွင်းမှာ ဖြစ်တဲ့ ပြဿနာ တွေဟာ သူတို့တွေနဲ့
မသက်ဆိုင်ကြောင်း နိုင်ငံတကာကို အသိပေး ကြပါတယ်။ ဒါတွေကို ကြည့်ရင်
ပြင်ဆင်မှု အလေ့အကျင့်မရှိတဲ့ မြန်မာအစိုးရဟာ ခြေလှမ်းတွေ နောက်ကျနေတာကို
တွေ့ရပါတယ်။
နောက်ပြန်လှည့်နိုင်မလား
လက်ပန်တောင်းတောင်
အရေးအခင်း အပြီးမှာ နောက်ပြန်လှည့် နိုင်မလား ဆိုတဲ့ စိုးရိမ်စိတ် တွေဟာ
ပိုမိုကြီးထွား လာခဲ့ပါတယ်။ ခက်ခက်ခဲခဲ တည်ဆောက် ထားတဲ့ ယုံကြည်မှုတွေဟာ
သံသယ တွေနဲ့ ရောထွေး သွားပါတယ်။ တည်ဆောက်ဖို့ ကြာရှည်သလောက် ဖျက်ဆီးဖို့
အချိန်သိပ်မလိုပါဘူး။ ၂၀၀၈ အခြေခံ ဥပဒေထဲမှာပါတဲ့ စစ်တပ် အာဏာသိမ်းမှု
အခန်းကဏ္ဍ ဟာလည်း ပယ်ဖျက်ခြင်း မရှိသေး တော့ တိုင်းပြည်ကို အညင်သာဆုံး
ရှေ့တိုးဖို့ ကြိုးစားနေသူတွေ အဖို့ အကျဉ်းအကျပ်ထဲ ရောက်နေသလို သတိကြီးစွာ
ထားရမယ့် အချိန် လည်းဖြစ်ပါတယ်။ တကယ်တမ်းတော့ နိုင်ငံ အခြေအနေဟာ ပိုမို
ဆိုးရွားလာနိုင်ဖို့ ရှိနေပြီး အစိုးရရဲ့ကိုင်တွယ်ပုံပေါ်မှာ အများကြီး
မူတည်နေပါတယ်။ လမ်းမှန်ပေါ်မှ ရှေ့ဆက် သွားမသွားကိုတော့ ဆက်လက်ရှုစားရမှာ
ဖြစ်ပါတယ်။
Written by ကိုငယ် (မန္တလေး)
The Voice Weekly