မြန်မာနိုင်ငံမှာ
လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေအရ ဦးဝီရသူကို ဖမ်းလိုက်ရင်
မုန်းတီးရေးတရားတွေ ကွယ်သွားမလားလို့ မေးစရာရှိပါတယ်။ မကွယ်ပါဘူး။
ဘာလို့လဲဆိုတော့ သူဟာ အခု ဖြစ်နေတဲ့ မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုတွေမှာ
ပြယုဂ်တစ်ခုသာလျှင်ဖြစ်လို့ပါပဲ။ ဒီပြယုဂ်ကို အမှီပြုပြီး
နောက်ဆက်တွဲရလဒ်တွေကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။
ဖြစ်တတ်တာကတော့
ပြယုဂ်တစ်ခုရဲ့ နာမည် အရမ်းတက်လာပြီဆိုရင် အဲဒီ ပြယုဂ် ကိုယ်စားပြုတဲ့
ပြဿနာရဲ့ အတိမ်အနက်၊ ဇာစ်မြစ် စတာတွေဟာ ကွယ်သွားတတ်ပါတယ်။ ဖြေရှင်းနည်းကို
စဉ်းစားရာမှာလည်း အဲဒီ အရင်းခံအကြောင်းတွေကို ဖယ်ဖို့ မေ့နေတတ်ကြပါတယ်။
ဒီကြားထဲ နာမည်ယူချင်တဲ့ သူတွေ ကလည်း ဒီပြယုဂ်ကိုသုံးပြီး
နာမည်ယူသွားနိုင်ပါသေးတယ်။
ဦးဝီရသူဟာ သူကိုယ်တိုင်
ဒီအမုန်းတရားတွေကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်လို့ဆိုတာ ငြင်းစရာ
မရှိပါဘူး။ အခုအင်တာနက်မှာ ပြန့်နေတဲ့ သူထောင်မကျခင်က ဘုန်းကြီးတွေကို
ဟောတဲ့ ကုလားတွေကို နေစရာမရှိအောင် လုပ်မယ်ဆိုတာကို ကြည့်ရင်၊ လာသမျှ
နိုင်ငံတကာက သတင်းထောက်တွေကို မြန်မာဘင်လာဒင် ဆိုပြီး
ဝံ့ကြွားစွာပြောနေတာကို ကြည့်ရင်၊ ရှိသမျှအားအင် ကုန်ပစေ ခန်းပစေဆိုပြီး
တပြည်လုံး အမုန်းမီး ဟုန်းဟုန်းတောက်အောင် လိုက်ပြောနေတာကို ကြည့်ရင်
သိနိုင်ပါတယ်။ မုန်းတီးရေး သရဏံ ဂစ္ဆာမိ လုပ်နေတာ အခုဆိုရင် တကမ္ဘာလုံးလည်း
သိနေပါပြီ။
ဦးဝီရသူကို ပြယုဂ်အဖြစ် တင်ပေးလိုက်တဲ အဓိက
အကြောင်းကတော့ ခေတ်အဆက်ဆက် ဘာသာ ရေးနှင့်
လူမျိုးရေးနှိပ်ကွပ်မှုသမိုင်းအမွေဆိုးကို ဆက်ပြီး လက်ခံကာ အုပ်ချုပ်နေတဲ
့စစ်တပ်အခြေပြု အာဏာရ အစိုးရအဖွဲ့ ကြီးပါပဲ။
စစ်တပိုင်းအစိုးရက
ဦးဝီရသူကို လွှတ်ပေးထားတာကတော့ ရှင်းပါတယ်။ သူတို့ထဲက ဦးအောင်သောင်းလို
လူတယောက်နဲ့ ပတ်သက်နေလို့၊ ဦးခင်ညွန့်လိုလူတယောက်နဲ့ ပတ်သက်နေလို့
ပြောချင်ရင်လည်းပြောနိုင်ပါတယ်။ မပတ်သက်လည်း သူတို့က လွှတ်ထားမှာပါပဲ။
ဒီအစိုးရဟာ စစ်တပ်အစိုးရ၊ တစ်နည်းပြောရင် လူမျိုးရေးနဲ့ဘာသာရေး
အဓိကရုဏ်းတွေကို လွတ်လပ်ရေးရပြီးကတည်းက ချေးခါးအူမပါမကျန် ဘယ်လို
ဖန်တီးရမယ် ဘယ်လိုဖြန့်ရမယ် ဆိုတာကို နောကြေနေအောင်သိနေတဲ့  အစိုးရဆိုတာ
မမေ့ဖို့ လိုပါတယ်။ ဒီလိုအဓိကရုဏ်းတွေဟာ သူတို့ရဲ့အုပ်ချုပ်ရေးကို
လွယ်ကူစေတယ်ဆိုတာ အမေမွေးကတည်းက သိတဲ့လူတွေလို့ကို ဆိုနိုင်ကောင်းပါတယ်။
ဘယ်လိုနည်းနဲ့ လွယ်ကူစေသလဲ။
အာဏာလက်ကိုင်အုပ်ချုပ်သူတွေဟာ
ဒီမိုကရေစီရှိပါတယ်ဆိုတဲ့ နိုင်ငံများမှာတောင် အအုပ်ချုပ်ခံသူတွေကို
တစ်နည်းမဟုတ်တစ်နည်း ထိန်းရပါတယ်။ ထိန်းတဲ့နည်းထဲမှာ အလွယ်ဆုံးကတော့
လူတွေကို တခုခုကို ကြောက်နေအောင် အမြဲလုပ်ထားရတာပါပဲ။
အမေရိကန်နိုင်ငံမှာဆို သမ္မတ အဆက်ဆက်ရဲ့ လူတွေကိုကြောက်နေစေတဲ့ အရာတွေကတော့
အသားအရောင်မတူတဲ့သူတွေ၊ ကွန်မြူနစ်တွေနဲ့ မွတ်စလင် အကြမ်းဖက်သမားတွေပါပဲ။
အာဏာရှင်နိုင်ငံတွေမှာတော့ အဲဒီကြောက်စရာတစ်ခုခုဟာ သူတို့ကိုယ်တိုင်
ဖြစ်နေတတ်ပါတယ်။ လူတွေဟာ အာဏာရှင်အစိုးရတွေကို ကြောက်နေရတဲ့ အဆင့်ကို
ကျော်သွားရင် ပြန်ကန် ပေါက်ကွဲထွက်တတ်ပါတယ်။ ရှစ်လေးလုံး
အရေးတော်ပုံကိုပြန်ကြည့်ရင် သိပါလိမ့်မယ်။ ဒီတော့ အခြားကြောက်စရာကောင်းတာ
တစ်ခုခုကို ဖန်တီးပြပြီး အအုပ်ချုပ်ခံ လူတွေကို အာရုံလွှဲရပါတယ်။
လူအများစုကို အာရုံလွှဲရပါတယ်။ ဒီနေရာမှာ လူတွေကြားထဲ လူအများနဲ့
မတူတဲ့အရာတွေကို ကြေက်စရာ ဒါမှမဟုတ် နှိမ်စရာအဖြစ် လက်ညှိုးထိုးပြရပါတယ်။
အလွယ်ဆုံးက အသားအရောင်ပါ။ အသားအရောင် မတူရင် ရန်သူလြို့မင်အောင်
အမျိုးမျိုး လှိမ့်လီဆယ် ရပါတယ်။ နောက်တစ်ခုက လူတန်းစားပါ။ ဆင်းရဲရင်
မဟုတ်တာလုပ်မယ်ဆိုပြီး သိမ်းသွင်းထားရပါတယ်။ နောက်တစ်ခုက
နိုင်ငံသားဖြစ်တာမဖြစ်တာပါ။ နောက်တစ်ခုက လူမျိုးပါ။ နောက်တစ်ခုကတော့
ဘာသာရေးပါ။ နောက်တစ်ခုက ကျား၊ မခွဲခြားသတ်မှတ်မှုအပေါ် အမြတ်ထုတ်တာပါ။
အမေရိကန်နဲ့
တောင်အာဖရိကနိုင်ငံ သမိုင်းတွေဟာ အသားအရောင်ခွဲခြားအုပ်ချုပ်မှုရဲ့
သမိုင်းတွေပါ။ လူမျိုးရေးနဲ့ ခွဲခြားအုပ်ချုပ်မှုရဲ့ သမိုင်းသက်သေကတော့
ဂျူးသန်းပေါင်းများစွာကို သတ်စေခဲ့တဲ့ ဟစ်တလာခေတ်
ဂျာမန်နိုင်ငံအုပ်ချုပ်ရေးပါပဲ။ ဘာသာရေးနှင့် နှိပ်ကွပ်မှုကတော့
ဥရောပသမိုင်းတွေနဲ့ မြန်မာနိုင်ငံ ကိုလိုနီခေတ်၊ ပါလီမန်ခေတ်၊ စစ်အာဏာရှင်
အဆက်ဆက် ခေတ်သမိုင်းတွေပါပဲ။ ယနေ့ခေတ်မှာလည်း သတင်းတွေ နားထောင်ကြည့်ရင်
ကြားနေရဆဲပါပဲ။ လူတန်းစားနဲ့ စီးပွားရေး၊ နိုင်ငံသား၊ ကျား၊ မ ခွဲ
တာတွေကတော့ တိုးတက်တဲ့ နိုင်ငံတွေရော မတိုးတက်တဲ့ နိုင်ငံတွေမှာရော၊
ဒီမိုကရေစီနိုင်ငံတွေရော၊ အာဏာရှင်နိုင်ငံတွေမှာပါ တွေ့ရတဲ့
ယနေ့ခေတ်ပြိုင်မှတ်တမ်းတွေလို့  ပြောလို့ ရပါတယ်။
ဒီလို
အုပ်ချုပ်သူတွေက သူတို့ အုပ်ချုပ်နေတဲ့သူတွေကို အချင်းချင်းခွဲမြင်စေဖို့
လီဆယ်တဲ့ အရာတွေဟာ လူများစု ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် လူများစုကို
အားသာစေတဲ့ အရာတွေပဲ ဖြစ်တတ်ပါတယ်။ (ဥပမာ နိုင်ငံသား ဖြစ်တာမဖြစ်တာမှာ
အများစုဟာ နိုင်ငံသားဖြစ်ပြီးသားဆိုတော့ ဒီအကြောင်းနဲ့ ရန်တိုက်ရင်
ဘယ်သူတွေ ကိုယ့်ဘက်ပါမယ်ဆိုတာ အုပ်ချုပ်သူ အစိုးရတိုင်း သိပါတယ်။) ဒါမှလည်း
လူအများစုက အုပ်ချုပ်သူရဲ့  အာဏာလက်ကိုင်တုတ်ကို ပြန်မချိုးဘဲ
လူနည်းစုကိုသာ ချိုးမှာမို့ ပါ။
မြန်မာနိုင်ငံကို
ပြန်ကြည့်ရအောင်။ ရှစ်လေးလုံး အရေးတော်ပုံ မဖြစ်ခင် တောင်ကြီးမှာ ဘာသာရေး
အဓိကရုဏ်း ဖြစ်အောင် လုပ်ပြီး အာရုံလွှဲဖို့ ဦးနေ၀င်း အစိုးရကြိုးစားတာ
သက်သေတစ်ခုပါ။ အဲဒီတုန်းက သူ မအောင်မြင်ခဲ့ပါဘူး။ အခု လက်ရှိ စစ်တပိုင်း
အစိုးရကတော့ ဒီကိစ္စမှာ အောင်မြင်မှု သရဖူတစ်ခုပြီးတစ်ခု ဆောင်းနေပါပြီ။
ဦးဝီရသူကို တစ်ဆင့်ခံ သုံးဖို့ (သိသိချည်းနဲ့ လွှတ်ထားပေးတာလည်း သုံး
နည်းတစ်ခုပါပဲ။) အကြံ အောင်မြင်သွားတယ်လို့ ပြောလို့ရပါပြီ။
နောက်ထပ်
စစ်တစ်ပိုင်းအစိုးရ ရသွားတဲ့ အမြတ်တွေ အများကြီးရှိပါသေးတယ်။ အခု
နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ဦးဝီရသူ အကြောင်းပြောရင် အမြဲပါပါလာတတ်တဲ့
အခုလို သူပြောချင်သလို ပြောလို့ရတာ နှစ်များစွာ ပိတ်ထားတာကို
ဖွင့်ပေးလိုက်လို့၊ လွတ်လပ်စွာပြောဆိုခွင့်ရသွားလို့ စသဖြင့်ပါ။
ဒါကိုကြည့်ရင် ဟုတ်သလိုလို ရှိတတ်ပါတယ်။ အမှန်ကတော့ လူမျိုးရေး၊ ဘာသာရေး
ခွဲခြားစေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်
အစိုးရပိုင် စာနယ်ဇင်းတွေ မြန်မာ့အသံကနေ ကျယ်ကျယ်ပြန့် ပြန့် လုပ်ခဲ့တာ
သတင်းစာတွေ ပြန်ဖတ်ရင် တွေ့ပါလိမ့်မယ်။ အခုကတော့ သွေးထိုးလှုံ့ဆော်မှုကို
နိုင်ငံတော်ပိုင်ကနေ ဦးဝီရသူကို ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ
ပုဂ္ဂလိကပိုင် ပေးလိုက်တာပါ။ (အခြား စာနယ်ဇင်းတွေကိုလည်း ဒီကိစ္စအတွက်
ပုဂ္ဂလိကပိုင်ပေးလိုက် ပြီးပါပြီ။ အလဲဗင်းတို့ ဗွိုက်တို့ ဖတ်ကြည့်ကြပါ။)
၂၀၀၃ မှာ ဘာလို့ ဦးဝီရသူကိုဖမ်းခဲ့သလဲ။ သူပြောတာကို မကြိုက်လို
့မဟုတ်ပါဘူး။ တခြား အကြောင်းတစ်ခုခုကြောင့်ပါ။ NLD နဲ့  အတိုက်အခံကို
အပြတ်ချေမယ်ဆိုပြီး သူ့ ကို ၀င်မရှုပ်အောင်လည်း ဖြစ်နိုင်ပါတယ်။ နောင်
လိုမှသုံးဖို့ဆိုပြီး ထောင်ထဲမှာ ဥ ထားတာလည်း ဖြစ်နိုင်တာပါပဲ။
ဦးဝီရသူကို
မဖမ်းပဲထားလို့ အခု လက်ရှိ အစိုးရ ရမယ့် နောက်ထပ်အမြတ်တစ်ခု ရှိပါသေးတယ်။
ကြာကြာလွှတ်ထားပြီးမှ ဖမ်းပြလိုက်ပြီး အသားလွတ် နာမည်ဝင်ယူနိုင်တဲ့ 
အမြတ်ပါ။ သွေးထိုးလှုံ့ဆော်တဲ့ စီးပွားရေးကို ပိုင်ပိုင်နိုင်နိုင်
လုပ်နိုင်တဲ့သူတွေကို တွေ့တဲ့အချိန်၊ လူတွေက ဒီရောင်းကုန်ကို
စားတာသေချာသွားပြီဆိုတဲ့ အချိန်မှာဆိုရင် ဖမ်းပြပါလိမ့်မယ်။ အခုလည်း
အဲလိုအချိန်ရောက်နေပြီဆိုတာ ၈၈၈၈ က ကိုကိုကြီးရဲ့ အမျိုးသားရေး စကားတွေ၊
ပုဂ္ဂလိကပိုင် သတင်းစာတွေရဲ့ ဘာသာရေး လူမျိုးရေး
ခွဲခြားနှိပ်ကွပ်တဲ့စကားတွေက ပြနေပါပြီ။
နောက်
အမြတ်တစ်ခုရှိပါသေးတယ်။ အခုကာလကို တကယ့် ဒီမိုကရေစီလို့ ထင်နေသူတွေအတွက်
ဒီမိုကရေစီဆိုတာ လူတွေ သတ်ဖြတ်နေတာပါလို့ ထင်သွားစေပြီး စစ်တပ်က
အချိန်မရွေး ပြန်ရှေ့ထွက်နိုင် ဘောင်းဘီပြန်ဝတ်နိုင်တဲ့ အခွင့်ပါ။
ကြံ့ဖွံ့ပါတီကို ဖျက်လိုက်လည်း သူတို့အတွက် အရှုံးမရှိပါဘူး။
အကုန်အငြိမ်းစားပေး၊ နောင်စစ်မျိုးဆက်က အဆင်သင့်ပါ။ အခု လွှတ်တော်တက်နေတဲ့
စစ်ကိုယ်စားလှယ်လောင်းများဟာ နောင်တစ်ခေတ်ရဲ့  စစ်သည်များပါပဲ။
အခြေခံဥပဒေကို မဖျက်ဘဲ အာဏာသိမ်းနိုင်ပါတယ်။ (အမှန်တော့ အခုကာလဟာ စစ်တပ်က
အစစပြင်ဆင်ပြီးမှ ပုံစံတစ်မျိုးနဲ့ အုပ်ချုပ်တဲ့
စစ်အုပ်ချုပ်ရေးတစ်မျိုးပါပဲ။)
နောက် တစ်ခုရှိပါသေးတယ်။
စစ်တပ်နဲ့ အတူ အာဏာရော သြဇာပါရှိတဲ့  အဖွဲ့ အစည်းဆိုလို သံဃာ့ အဖွဲ
့အစည်းပဲရှိပါတယ်။ အုပ်ချုပ်ခံလူတွေက သမိုင်းကို မေ့ပေမယ့် စစ်တပ်က
မမေ့ပါဘူး။ ၂၀၀၇ မှာ သူတို့ကို သံဃာတွေက အားစမ်းတာကို မကျေပါဘူး။
ဦးဝီရသူကြောင့် သံဃာ့အဖွဲ့ အစည်း အခု နာမည်ပျက်နေပါပြီ။ဒါကိုတော့
စစ်တပိုင်းအစိုးရရဲ့ နောက်ကြောင်းပြန် လက်စားချေမှုလို့ ပြောလို့ရပါတယ်။
စစ်တပိုင်း
အစိုးရရဲ့ အမြတ်တိုင်းဟာ ပြည်သူပြည်သား လူများစုရော လူနည်းစုတွေအတွက်ပါ
ဘယ်အချိန်မဆို အရှုံးချည်းပါပဲ။ ဘာတွေရှုံးသလဲ။ လူမျိုးရေး ဘာသာရေး
ခွဲခြားနှိပ်ကွပ်လိုစိတ်ကို လက်ခံအားပေးလိုက်တာနဲ့ ပထမဆုံး အရှုံးကတော့
စိတ်ဓာတ်ရေးရာ မြင့်မြတ်မှုနဲ့ လဲပေးလိုက်ရတဲ့ မုန်းတီးရေးတရားတွေကို ရင်ထဲ
အသည်းထဲ သိုလှောင်မိတဲ့ အရှုံးပါပဲ။ လူများစုတွေအတွက်ကတော့
ဒီမုန်းတီးရေးဥာဉ်ကြောင့် ဘယ်လူနည်းစုကိုမဆို မုန်းဖို့ 
အဆင်သင့်ဖြစ်နေခြင်းဟာလည်း ကိုယ့်အနာဂတ်ကိုပါ ရောင်းထားတဲ့ အရှုံးပါပဲ။
နောက်ဆုံး အုပ်ချုပ်သူတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး မတရားမှုတွေကို
မမြင်နိုင်တော့ဘဲ လူအချင်းချင်း သတ်တဲ့ဆီထိ ရောက်ပါ့မယ်။ အခုလည်း
အစပြုနေပါပြီ။
ထွက်လမ်းကတော့ ဆန့်ကျင်ပါ။ မတရားမှုကို
ဆန့်ကျင်ပါ။ လူအချင်းချင်း အားသာလို့ ဗိုလ်ကျမှုကို ဆန့်ကျင်ပါ။
မုန်းတီးရေးတရားဟောသူတွေဟာ ဘာအ၀တ်ပဲ ၀တ်ထားဝတ်ထား သူတို့ကို ပြတ်ပြတ်သားသား
ဆန့်ကျင်ပြလိုက်ပါ။ မတရားတဲ့  ၂၀၀၈ ဥပဒေကြီးကိုဆန့်ကျင်ပါ။ ပြယုဂ်ကိုလည်း
ဆန့်ကျင်ပါ။ မတရားမှုကို ကြိုးကိုင်ထားသူတွေ၊ နောက်က လက်တွေ စနစ်တွေ
ပြိုကျတဲ့ အထိကို ရှုံ့ချပြီး ဆန့်ကျင်ပြလိုက်ပါ။
ရှင်ကေသဝ