- မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်
တိရစ္ဆာန်များအား တရားမ၀င် အမဲလိုက်ခြင်းနှင့်
ရောင်းဝယ်ဖောက်ကားခြင်းတို့အား တားမြစ်သော ဖသ်ဝါ ဓမ္မသတ်တစ်ခုကို
အင်ဒိုနီးရှားရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု
သိရသည်။
ုထိုဖသ်ဝါဓမ္မသတ်အား တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များက ချီးကျူးကြိုဆိုခဲ့ကြပြီး သယံဇာတကြွယ်ဝသည့် အင်ဒိုနီးရှားနိုင်ငံ အတွင်း သာမန်ဥပဒေနှင့် ရာဇ၀တ်မှုများ အကြား ရှိနေသည့်လစ်ဟာမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ဆိုသည်။
“ဘာသာရေးဆိုင်ရာ ကျိုးကြောင်းခိုင်လုံတဲ့ အချက်၊ ဒါမှမဟုတ် ဥပဒေအရ ခွင့်ပြုထားခြင်း မရှိဘဲနဲ့ တောင်ရိုင်း တိရစ္ဆာန်တွေ မျိုးတုန်းစေနိုင်တဲ့ အပြုအမူ၊ လုပ်ရပ် အားလုံးဟာ ဟရမ် (ပိတ်ပင်ထားခြင်း) ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေထဲမှာ တရားမ၀င် အမဲလိုက်ခြင်းနဲ့ မျိုးတုန်းမယ့် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေကို ကုန်ကူးတာတွေ ပါဝင်ပါတယ်” ဟု အင်ဒိုနီးရှား အိုလမာကောင်စီ MUI ဖသ်ဝါ ဓမ္မသတ်ဌာနမှ အတွင်းရေးမှူး အက်စ်ရိုရန် နီအမ် ရှိုလေးက AFP သတင်းဌာနသို့ မတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ပထမဆုံးထုတ်ပြန်သော အဆိုပါဖသ်ဝါ ဓမ္မသတ်အား အင်ဒိုနီးရှားနိုင်ငံ၏ ဂေဟစနစ်ကို အန္တရာယ် ရှိစေနိုင်မည့် တောရိုင်း တိရစ္ဆာန်များနှင့် ပတ်သက်သော ရာဇ၀တ်မှုများကို လျော့ချရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇန်န၀ါရီ ၂၂ ရက်နေ့ကတည်းက စတင်ပြဌာန်း ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းများ ချဲ့ထွင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် သစ်ခုတ်ခြင်းတို့မှာ အင်ဒိုနီးရှားနိုင်ငံ၏ တောင်းရိုင်းတိရစ္ဆာန်ကဏ္ဍကို ခြိမ်းခြောက်နေသည်။ ထို့ပြင် သစ်တောများ အတွင်း သစ်ခုတ်ခြင်းကလည်း ဆူးမားတြား ကျားမျိုးစိတ်၊ ဘောနီယိုနှင့် ဆူမားတြား ကျွန်းတို့တွင်သာ တွေ့ရသည့် ရှားပါး လူဝံမျိုးစိတ်နှင့် ဆူမားတြားဆင် မျိုးစိတ်တို့ကဲ့သို့ ရှားပါးတိရစ္ဆာန်မျိုးစိတ်များအား မျိုးတုန်းပျောက်ကွယ်စေနိုင်သည့် အန္တရာယ်များလည်း ရှိနေသည်။
ထိုဖသ်ဝါက ကျားကဲ့သို့သော တောရိုင်း တိရစ္ဆာန်များအား အမဲလိုက်ကြသည့် ရွာသားများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများကိုဖြစ်စေသည်။
“ဒီဖသ်ဝါကိုထုတ်ပြန်တယ်ဆိုတာ ရှင်းလင်းစေဖို့ဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်တွေအတွက် တိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ဆိုတဲ့ ကဏ္ဍမှာ ရှရီအသ်ရဲ့ ရှုထောင့်ကနေ သုံးသပ်ထားတဲ့ လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ လူတွေဟာ အစိုးရရဲ့ ဥပဒေတွေကနေ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ကနေပြီးတော့ မလွတ်မြောက်နိုင်ပါဘူး” ဟု အိုလမာကောင်စီ ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဥက္ကဌ ဟာယု ပရာဘိုဝို၏ ပြောကြားချက်အား National Geographic သတင်းဌာနမှ ဖော်ပြခဲ့သည်။
တောင်ရိုင်းတိရိစ္ဆာန်များအား အင်ဒိုနီးရှား ဥပဒေက အကာအကွယ်ပေးထားပြီး၊ တားမြစ်ထားသည့် တိရစ္ဆာန် ရောင်းချသူများကို ထောင်ဒဏ် ၅ နှစ်အထိနှင့် ငွေဒဏ် ရူပီ သန်း ၁၀၀ (ကန်ဒေါ်လာ ၈၇၀၀) ပေးဆောင်ရန် အပြစ်ပေးနိုင်သည်။
ချီးကျူးကြ
သားရိုင်းတိရိစ္ဆာန်များနှင့် ပတ်သက်သည့် အဆိုပါ ဖသ်ဝါဓမ္မသတ်ကို နိုင်ငံတကာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များက ကြိုဆိုခဲ့ကြပြီး၊ ဂေဟစနစ်အား ကာကွယ်ရန် အကျိုးရှိသည့် ခြေလှမ်းအဖြစ် ရှုမြင်ကြသည်။
“ဒါ(ဖသ်ဝါ)ဟာ ဘာသာရေးဆိုင်ရာ ယူဆချက်တစ်ခုကို သိစေပါတယ်။ ပြီးတော့ ကျားနဲ့ ကြံ့တို့လို မျိုးတုန်းဖို့ တော်တော်လေး အန္တရာယ်ရှိနေပြီး တိုင်းပြည်အတွင်းမှာ ကျန်ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်ဖို့၊ ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ကူညီမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ သတိဝိရိယကိုလည်း တိုးမြင့်စေပါတယ်” ဟု ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ WWF ၏ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဆက်ဆံရေးဒါရိုက်တာ ညိုမန် အစ်ဝါရာ ယိုဂါက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၏ သစ်တောရေးရာ ၀န်ကြီးဌာနနှင့် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများကလည်း ထိုဖသ်ဝါဓမ္မသတ်နှင့် ပတ်သက်၍ မတ်လ ၁၂ ရက်နေ့တွင် ပူတွဲကြေညာချက် ထုတ်မည်ဟု သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုဖသ်ဝါဓမ္မသတ်မှာ တစ်ဦးချင်း အပြင် အစိုးရအပေါ်သို့လည်း သက်ရောက်ပြီး၊ တောရိုင်းတိရစ္ဆာန်များအား ထိခိုက်နိုင်မည့် ကုမ္ပဏီများကို ခွင့်ပြုထားခြင်းအပေါ် ပြန်လည်ဆန်းစစ်ရန် အစိုးရ အာဏာပိုင်များအား တိုက်တွန်းခြင်းလည်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံမှာ အရှေ့တောင်အာရှတွင် သစ်တောဧရိယာ အကျယ်ဝန်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး အမြဲစိမ်းသစ်တော ဟက်တာ သန်း ၁၂၀ ရှိသည်။ နိုင်ငံအတွင်းရှိ သဘာဝပတ် ၀န်းကျင်ကို ထိန်းသိမ်းရန် အဖွဲ့တစ်ခုကို အင်ဒိုနီးရှား အိုလမာကောင်စီက ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များကို
လည်း ဖိတ်ခေါ်ခဲ့သည်။
၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ တစ်နှစ်လျှင် သစ်သော ဟက်တာ ၁.၈၇ သန်း ဆုံးရှုံးနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ဆိုပြီး၊ သစ်တော ၀န်ကြီးဌာန၏ မှတ်တမ်းများအရ အင်ဒိုနီးရှား လမုသစ်တော ဟက်တာ ၇.၇၆ သန်းမှ ၃.၂၅ သန်းမှာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
Ref: OnIslam & News Agencies

Related Posts :
- Back to Home »
- အစ္စလာမ်ရေးရာ »
- တောင်ရိုင်း တိရစ္ဆာန်များအား ကာကွယ်သည့် ဓမ္မသတ် အမိန့်တစ်ခု အင်ဒိုနီးရှားတွင် ထုတ်ပြန်