ကမ္ဘာ့မွတ်စလင်တို့ စိတ်ရှည်သည်းခံ သင့်မြတ်ကြဖို့ ဒူဘိုင်းငြိမ်းချမ်းရေးညီလာခံမှ ပညာရှင်များတိုက်တွန်း
ကမ္ဘာလုံးဆိုင်ရာ သင့်မြတ်ရေးနှင့် စိတ်ရှည်သည်းခံကြဖို့ နိုင်ငံတကာမှ အစ္စလာမ့်ပညာရှင်များ၊ တရားဟောဆရာများ ပူးပေါင်းပါဝင်ကျင်းပတဲ့ `တတိယအကြိမ်မြောက် ဒူဘိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံ´(DIPC)ကနေ တိုက်တွန်းလိုက်ပါတယ်။
ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကို
ဒူဘိုင်းနိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ပြုလုပ်တာဖြစ်ပါတယ်။
သုံးရက်အတွင်း နိုင်ငံတကာမှ အစ္စလာမ့် ပညာရှင် ၁၅ ဦးနှင့် ဒူဘိုင်းအပါအ၀င်
နိုင်ငံတကာမှ ဧည့်ပရိသတ် ၂ သိန်းကျော်ထိ တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။
နှစ်နှစ် တစ်ကြိမ် ကျင်းပတဲ့ ဒီညီလာခံကို ယူအေအီးနိုင်ငံဝန်ကြီးချုပ် ရှိုတ်ခ်မုဟမ္မဒ်ဘင် ရရှဒ်အလ်မခ်သူးမ်ရဲ့ လမ်းညွှန်မှုနဲ့ ဒူဘိုင်း၊ ယူအေအီးတို့မှ တာဝန်ရှိသူများက ဦးစီးကျင်းပတာဖြစ်ပါတယ်။
ညီလာခံပိတ်ပွဲအခမ်းအနားမှာ မက္ကာဟ်မြို့မှ ကအ်ဘာကျောင်းတော်ရဲ့ အီမာန်ဖြစ်တဲ့ ရှိုတ်အဗ္ဗဒုလ် ရဟ်မန်ဆူဒိုက်စ်က
`ယူအေအီးနိုင်ငံက ဦးစီးကျင်းပတဲ့ ဒီငြိမ်းချမ်းရေးညီလာခံကြီးဟာ တကယ်တော့ မွတ်စလင်တိုင်း အတွက် ဂုဏ်ယူစရာပါ၊ အစ္စလာမ်ကပြဆိုတဲ့ ငြိမ်းချမ်းခြင်းဆိုတာ ကျန်းမာရေးနဲ့ လုံခြုံရေးကို အာမခံချက်ပေးတဲ့ ကိုယ်စားပြုမှုဖြစ်ပါတယ်၊ ဒါ့အပြင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ ပဋိပက္ခတွေကို ငြင်းပယ်ပြီး မေတ္တာတရား၊ ကောင်းမွန်မှု၊ သင့်မြတ်မှု၊ စေ့စပ်ညှိနှိုင်းမှု စတာတွေကို အကောင်းဆုံးပုံစံနဲ့ တည်ဆောက်တဲ့ မွတ်စလင်တစ်ဦးချင်းဆီကနေ စုစည်းပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံး ပါဝင်လာစေခြင်းပဲ ဖြစ်ပါတယ်။ ´
`လူတွေက အစ္စလာမ်ကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအောင်မြင်ဖို့အတွက် တလွဲသုံးနေတာတွေရှိတယ်၊ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေပဲ ဖြန့်ချိတယ်၊ ဒါဟာ လွဲမှားပါတယ်။ ဘာလို့လဲဆိုတော့ အစ္စလာမ်က တည်ဆောက်ခြင်းပါ၊ ဖျက်ဆီးခြင်းမဟုတ်ပါဘူး။ လူသားတွေရဲ့ဘ၀ကို တိုးမြှင့်ခြင်းပါ၊ လူသားဝါဒကို ဆိုးရွားသွားစေဖို့မဟုတ်ပါဘူး´လို့ ရှိုတ်ခ်ဆိုဒိုက်စ်က ပြောကြားပါတယ်။
`ကမ္ဘာကြီးက ဖျက်အားပြင်း လက်နက်တွေထုတ်ပြီး ဂုဏ်ယူနေတယ်ဆိုရင် မွတ်စလင်နိုင်ငံတွေက မိမိတို့မှာ ရှိတဲ့ အကြီဆုံးလက်နက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအတွက် ဂုဏ်ယူရပါမယ်´လို့ ၎င်းက ထည့်သွင်းပြောကြားသွားပါတယ်။
ဒီနှစ်မှာ ထူးခြားတာကတော့ မကြာသေးခင်က အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာတဲ့ `Fitana’ ဇာတ်ကားထုတ်လုပ်သူ ဒတ်ခ်ျနိုင်ငံရေးသမား Arnaud Van Dorn လည်း ပိတ်ပွဲ အခမ်းအနားကို တက်ရောက်လာပါတယ်။ Van Dorn ရဲ့ သားဖြစ်သူဟာလည်း ညီလာခံ ဒုတိယနေ့မှာ အစ္စလာမ်သာသနာကို လက်ခံခဲ့ပြီး နာမည်ကို `အလီ´လို့ ပြောင်းလဲ မှည့်ခေါ်လိုက် ပါတယ်။
ဒီညီလာခံမှာ မွတ်စလင်ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ ပညာရှင်တွေဖြစ်တဲ့ ဒေါက်တာ ဇာကိရ်နိုက်(အိန္ဒိယ)၊ ယူစွဖ်အီစတိတ်(အမေရိကန်)၊ နိုမန်အလီခန်း(အမေရိကန်)၊ ရှိုတ်ခ်ဟစီးမ်အလ် ဟကီးမ်(ဆော်ဒီ)နဲ့ နာမည်ကြီးကာရီ ရှိုက်ခ်မစ်ရှာရီရရှဒ်အလ်အဖာစီ(ကူဝိတ်) တို့အပြင် အစ္စလာမ့် ပညာရှင်များက ငြိမ်းချမ်းရေးစကား ပြောကြားခဲ့ပါတယ်။
ဒေါက်တာဇာကိရ်နိုက်က ယူအေအီးနဲ့ နိုင်ငံတကာမှ တက်ရောက်လာသူ ဘာသာခြား ဧည့်သည့် တွေရဲ့ မေးခွန်းတွေကို အစ္စလာမ့်ရှုထောင်အရ ဖြေကြားပြီး အစ္စလာမ်အပေါ် နားလည်မှုလွဲနေတဲ့ အချက်တွေကို ရှင်းလင်းစေပါတယ်။
ဒီညီလာခံရဲ့ ရည်ရွယ်ချက်က အစ္စလာမ်ရဲ့ သရုပ်မှန်နဲ့ ငြိမ်းချမ်းရေး သဘောထားတွေကို လှစ်ဟပြသဖို့နဲ့ အကြမ်းဖက်မှုကို ရှုတ်ချပြီး နားလည်မှု၊ သည်းခံမှုနဲ့ အစွန်းမရောက်တဲ့ တရားတွေကို သွန်သင်ဖို့ပဲဖြစ်ပါတယ်။
Source : Gulfnews/ Dubaicityguide.com
ဘာသာပြန် - စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Related Posts :
- Back to Home »
- အစ္စလာမ်ရေးရာ »
- ကမ္ဘာ့မွတ်စလင်တို့ စိတ်ရှည်သည်းခံ သင့်မြတ်ကြဖို့ ဒူဘိုင်းငြိမ်းချမ်းရေးညီလာခံမှ ပညာရှင်များတိုက်တွန်း