အရည်အချင်း ရှိတဲ့လူဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲ။ လူတစ်ယောက်ရဲ့
အရည်အချင်းကို ဘာတွေနဲ့ တိုင်းတာသလဲ။ လူရယ်လို့ ဖြစ်လာရင်
အရည်အချင်းရှိအောင် ကြိုးစားရမယ်။ ဒီစကားတွေဟာ လူတိုင်းလူတိုင်း
ကြားဖူးနေကျ စကားတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အရည်အချင်းကို အရေအတွက်နဲ့
တိုင်းတယ်လို့လည်း ပြောကြတယ်။ ဒီစကားဟာ အတိုင်းအတာ တစ်ခု အထိတော့
မှန်ပါတယ်။ လူအတော်များများဟာ ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံခြင်းကို
လိုလားကြတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကို
ကြိုးစားပမ်းစား လိုက်နေကြရပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ
သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့အတွက် အရည်အချင်းရှိတဲ့လူတစ်ယောက်အဖြစ်
သက်သေပြဖို့ လူသားတွေဟာ အရေအတွက်နဲ့ သက်သေပြဖို့ ကြိုးစားကြရပါတယ်။
လူတစ်ယောက်ရဲ့ ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှု အတိုင်းအတာကို ကြည့်ပြီး
လူတစ်ယောက်ရဲ့ အရည်အချင်းကို ပတ်ဝန်းကျင်က ဆုံးဖြတ်ချက် ချကြပါတယ်။
ဒီလိုနဲ့ ကျွန်ုပ်တို့ လူ့အသိုင်းအဝိုင်းမှာ အရေအတွက် များခြင်းကို
အရည်အချင်း ရှိခြင်းလို့ ယူဆလာကြပါတယ်။
ပညာတတ် ထမင်းငတ်
ကျွန်တော် ကြားဖူးတဲ့ တက္ကသိုလ်ဆရာ တစ်ယောက်ရဲ့ ဖြစ်ပုံဟာ ငိုအားထက် ရယ်အားသန်စရာ ဖြစ်နေပါတယ်။ အထက်မြန်မာပြည်မှာ ရှိတဲ့ တက္ကသိုလ် တစ်ခုက အစိုးရက ပေးထားတဲ့ ဝန်ထမ်းလိုင်းခန်းမှာ နေနေရတဲ့ လူပျိုလူလွတ်တစ်ယောက် ဖြစ်ပေမယ့် ဝန်ထမ်းလစာနဲ့ မလောက်မင ဖြစ်နေပါတယ်။ တစ်ခါက သူနေတဲ့ အဆောင်မှာ ရုပ်မြင်သံကြားစက်ကြီးဟာ အမြဲတမ်း လင်းနေတဲ့အတွက် တခြားသူတွေက ဘာဖြစ်တာလဲလို့ ဝိုင်းမေးကြတယ်။ ထိုအခါမှာ ဆရာက ကျွန်တော့် အခန်းမှာ မီးချောင်း ကျွမ်းနေတာကို အသစ် ဝယ်မတပ်နိုင်လို့ တီဗီကြီးကိုပဲ အမြဲ ဖွင့်ထားရတယ်လို့ ပြောပါတယ်။ နောက်ပြီး သူ့ဆီမှာ ထမင်းရော၊ ဟင်းရော ချက်ဖို့အတွက် ပေါင်းအိုးတစ်လုံးပဲ ရှိတယ်လို့ သိရတယ်။ ထမင်းချက်ပြီးတာနဲ့ ပေါင်းအိုးထဲက ထမင်းကို လှယ်ပြီး ဟင်းထပ်ချက်ရပါတယ်။ အဆိုးဆုံး ဖြစ်ရပ် တစ်ခုကတော့ တခြားမေဂျာက ကျောင်းသားတွေစုပြီး အလှူလုပ်တော့ သူ့သူငယ်ချင်း ဆရာတစ်ယောက်ကို မေတ္တာရပ်ခံပြီး ကျွန်တော် ခင်ဗျားတို့ အလှူလုပ်တဲ့ နေရာကို မယောင်မလည်နဲ့ ရောက်လာရင် ကျွန်တော့်ကို စားဖို့ ဖိတ်ပါလို့ အကူအညီ တောင်းလိုက်တယ်။ ပြီးတော့ အဲဒီ အလှူလုပ်တဲ့ နေရာကို သွားပြီး ရှေ့ကနေ ဖြတ်လျှောက်ပြလိုက်တာနဲ့ သူ့သူငယ်ချင်း ဆရာက ဟာဆရာ ကြွပါဆိုပြီး အထဲကို ဖိတ်လိုက်ပါတော့တယ်။ အမှန်တော့ တက္ကသိုလ် ဆရာတစ်ယောက် ဖြစ်လာဖို့ အပင်ပန်း အဆင်းရဲခံပြီး ပညာတွေသင်၊ လိုအပ်တဲ့ အရည်အချင်းတွေ အများကြီး ဖြည့်ရပါတယ်။ ဒါပေမဲ့ ပညာတတ်ပြီး ထမင်းမဝတဲ့ သူတွေလည်း အများကြီး ရှိနေပါတယ်။
ပညာတတ်ကြီး မဟုတ်ပေမယ့်
နောက်ထပ် ဇာတ်လမ်းတစ်ခု ပြောပြချင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်း ကတည်းက သိနေတဲ့ ကျောင်းပညာ ရှစ်တန်းအထိလောက်သာ တတ်ပြီး အခုချိန်မှာတော့ တိုက်တွေ ကားတွေနဲ့ လုပ်ငန်း တစ်ခု အခိုင်အမာ ပိုင်ဆိုင်နေတဲ့သူတစ်ယောက် ရှိပါတယ်။ သူဟာ အတန်းပညာ မည်မည်ရရ မတတ်ပေမည့် သူဟာ အလုပ်ကို ရိုးရိုးသားသား ကြိုးစားတယ်။ အသောက်အစား၊ အပျော်အပါး လိုက်စားခြင်း ကင်းတယ်။ အစကတော့ သူဟာ သာမန် အစိုးရဝန်ထမ်းလေး တစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ တာဝန်အရ မြို့သစ်တစ်ခုမှာ ရေတွင်းတူးပေးရတဲ့ အဖွဲ့တစ်ဖွဲ့ထဲမှာ တာဝန် ထမ်းဆောင်ရပါတယ်။ ရေတွင်းတူးတဲ့ အလုပ်ဟာ နေပူမရှောင်၊ မိုးရွာမရှောင် ရွှံ့ထဲ၊ ဗွက်ထဲမှာ တစ်နေကုန် ရုန်းကန်နေရတဲ့ အလုပ်တစ်ခု ဖြစ်တာကြောင့် တော်ရုံတန်ရုံ ဇွဲနဲ့ လုပ်နိုင်တဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားပမ်းစား လုပ်ပါတယ်။ သူ့မှာ အိမ်ပိုင် မရှိပါဘူး။ သူ့မိသားစုကို ရေတွင်းတူးတဲ့ အလုပ်နဲ့ပဲ ရှာကျွေးပါတယ်။ နောက်ပိုင်း ရေတွင်းတူးတာ ကျွမ်းကျင်လာတဲ့အတွက် ကိုယ်ပိုင် လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်ပြီး အလုပ်ကို တစိုက်မတ်မတ်နဲ့ ကြိုးစားလိုက်တာ ၁၀ နှစ်တောင် မကြာဘူး ကိုယ်ပိုင် ခြံဝင်း တိုက်တာနဲ့ ကားကို ဝယ်နိုင်တဲ့အပြင် သူနေတဲ့ မြို့မှာ ရေတွင်းတူးတဲ့ လုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့လူ တစ်ယောက် ဖြစ်လာပါတော့တယ်။
ပညာ အများကြီး တတ်စရာ မလိုဘူးလား
အထက်မှာ ဖော်ပြခဲ့တဲ့ ဥပမာ နှစ်ခုကို ကြည့်ပြီး ဘဝမှာ ပညာတွေ အများကြီး မတတ်ပေမယ့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကိုသာ တတ်ထားရင် ကြီးပွားနိုင်တယ်ဆိုတဲ့ အတွေးမျိုး ဝင်ကောင်း ဝင်လာနိုင်ပါတယ်။ ပညာတွေ အများကြီး တတ်လို့ ဆင်းရဲတာလို့လည်း တွေးကောင်း တွေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ သိထားရမှာက လူ့ဘဝမှာ ကိုယ်ရှာတာ ကိုယ်ရမှာပဲဆိုတာပါပဲ။ ပညာရှာရင် ပညာပဲ ရမှာပေါ့။ ငွေရှာရင် ငွေပဲ ရမှာပေါ့။ ပညာရှိတိုင်း ငွေရှိမယ်လို့ ပြောလို့ မရသလို ငွေရှိတိုင်းလည်း ပညာရှိဖို့ မလွယ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တစ်ခါက သူငယ်ချင်းတစ်ယောက်က မှတ်ချက်ပေးဖူးတယ်။ ဘဝမှာ ချမ်းသာဖို့ ပညာတွေ အများကြီး တတ်စရာ မလိုဘူးလို့ သူက ဆိုပါတယ်။ ဒီစကားဟာ သူ့တစ်ယောက်တည်းအတွက် သို့မဟုတ် လူတစ်ယောက်တည်းအတွက်ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက် ဆိုရင်တော့ မှားတယ်။ တိုင်းပြည်တစ်ပြည်မှာ နေထိုင်ကြတဲ့ လူတိုင်း လူတိုင်းဟာ ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေမယ်ဆိုရင် တက္ကသိုလ်တွေ၊ ကျောင်းတွေဆိုတာ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ကတော့ ကိုယ်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တဲ့သူတွေနဲ့ဆိုရင် မဖြစ်ပါဘူး။ ကိုယ့်ရဲ့ အကျိုးစီးပွားကို အနစ်နာခံပြီး တိုင်းပြည်အတွက် ပေးဆပ်သူတွေ အမြောက်အမြား ရှိဖို့ လိုအပ်ပါတယ်။ လူတစ်ယောက် ထမင်းရှာစားဖို့ သို့မဟုတ် ချမ်းသာဖို့ ပညာတွေ အများကြီး တတ်စရာ မလိုပေမယ့် တိုင်းပြည် တိုးတက်ဖို့အတွက်တော့ ပညာတတ်တဲ့သူတွေ အများကြီး လိုအပ်ပါတယ်။
အရည်အချင်း ပျက်ခြင်း
ကျွန်တော် ငယ်စဉ်ကတည်းက ဘဝင်မကျတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အကျင့်တစ်ခု ရှိပါတယ်။ ရပ်ကွက်ထဲမှာ မုန့်ဟင်းခါး ရောင်းတဲ့ ဆိုင်တစ်ဆိုင်ဟာ အရသာကောင်းလို့၊ ဆက်ဆံရေးကောင်းလို့ ရောင်းကောင်းလာပြီဆိုရင် အဲဒီဆိုင်ဟာ မကြာခင် အရောင်းထိုင်းသွားတော့တာပါပဲ။ ရောင်းအား တက်လာပြီဆိုကာမှ အရသာကို မထိန်းတော့ဘဲ အမြတ်များများရအောင် မုန့်ဟင်းခါးကို ရေထိုးပါတယ်။ ဖောက်သည် များလာတဲ့အတွက် ဖောက်သည်တွေကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှု မပေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း အဲဒီဆိုင်ကို လူကြိုက်နည်းလာပါတော့တယ်။ ဒီလို ဖြစ်အင်မျိုးကို နေရာတိုင်းမှာလိုလို တွေ့နေရတယ်။ အရည်အချင်းနဲ့ အရေအတွက်ဟာ အမြဲတမ်း ဒွန်တွဲလို့ မရတဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ဖြစ်သင့်တာကတော့ လူတိုင်းလူတိုင်းဟာ ဘဝတစ်လျှောက်လုံး ကိုယ်ရဲ့ အရည်အချင်း တိုးတက်ဖို့ အတွက်ပဲ ကြိုးစားသင့်ပါတယ်။ ဒီနေရာမှာ အရည်အချင်း တိုးတက်တယ်ဆိုတာ ပညာ အရည်အချင်း တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ စီးပွားရေး၊ လူမှုရေး စတဲ့ ရေးရာတွေမှာလည်း ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ အမြဲတမ်း တိုးတက်နေဖို့ ကြိုးစားရပါမယ်။ နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က လူတွေဟာ ငွေအတွက် အလုပ်လုပ်ရင်း ကိုယ်ရဲ့ အရည်အချင်းတွေ တက်လာသလို၊ ငွေနောက်ပဲ လိုက်နေတဲ့ အတွက်ကြောင့် ကိုယ်ရဲ့ အရည်အချင်းတွေ ပျက်သွားတာလည်း ရှိပါတယ်။ နောက်ပြီး လူတစ်ယောက်မှာ တော်တဲ့ အရည်အချင်းတွေ အများကြီး ရှိနေပေမယ့် အကျင့်ဆိုး တစ်ခုသာ ရှိနေရင် ဘဝပျက်ဖို့ လုံလောက်နေပါပြီ။ ဒါကြောင့် ကိုယ့်မှာ အရည်အချင်းကောင်းတွေ အများကြီး ရှိတာလို့ဆိုပြီး ကိုယ့်ရဲ့ ညံ့ဖျင်းတဲ့ အကျင့်ဆိုးကို လျစ်လျူမရှုသင့်ပါဘူး။
စိတ်ဓာတ် ကောင်းဖို့လည်း လိုတယ်
အရပ်ထဲမှာ လူတွေ ပြောနေကြတာကို အရည်အချင်းနဲ့ အရေအတွက်ဟာ ဒွန်တွဲမနေဘူးဆိုတဲ့ စကားဟာ မမှန်ပါဘူး။ တကယ် အရည်အချင်းရှိတဲ့ လူတစ်ယောက်ဟာ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အရည်အသွေးကို ကောင်းသထက် ကောင်းအောင် ကြိုးစားရသလို အရည်အသွေး ကောင်းတဲ့ အရာတွေ အရေအတွက် များလာဖို့လည်း ကြိုးစားသင့်ပါတယ်။ အရေအတွက်ကြောင့် အရည်အသွေးကို အထိခိုက် မခံချင်ဘူးဆိုရင် ကိုယ်ရဲ့ စိတ်ဓာတ်ကို ဘယ်အရာကြောင့်မှ မပျက်စီးစေဘဲ ကောင်းမွန်အောင် ထိန်းသိမ်းထားသင့်ပါတယ်။ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ထူထောင်ထားပြီး အရည်အချင်းနဲ့ အရေအတွက် ဒွန်တွဲနေအောင် ဆောင်ရွက်သင့်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ စေတနာအပြည့် ထားပြီးလုပ်ရင် အရည်အသွေးရော အရေအတွက်ပါ တိုးတက်လာနိုင်ပါတယ်။
ဘဝမှာ အရေးကြီးဆုံးအရာ
လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတာတွေကတော့ အများကြီးပါပဲ။ စားဝတ်နေရေးကတော့ ပထမ အရေးကြီးဆုံး အရာတွေပေါ့။ အဲဒီ စားဝတ်နေရေးကို ဖန်တီးဖို့အတွက် လူတစ်ယောက်မှာ အရည်အချင်း ရှိဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ စားဝန်နေရေး တစ်ခုတည်းအတွက် အသက်ရှင်နေတယ်ဆိုရင် တိရစ္ဆာန်တွေနဲ့ ဘာခြားဦးမှာလဲ။ ထမင်းစားဖို့ အသက်ရှင်နေတာထက် အသက်ရှင်ဖို့ ထမင်းစားတာပဲ ဖြစ်သင့်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ စားဝတ်နေရေးထက် ပိုအရေးကြီးတာက ဂုဏ်သိက္ခာပဲ ဖြစ်ပါတယ်။ စားဖို့ အသက်ရှင်နေတာထက် ဂုဏ်သိက္ခာအတွက် အသက်ရှင်နေတာ ပိုပြီး မြင့်မြတ်ပါတယ်။ ဂုဏ်သိက္ခာ မရှိဘဲ ပြည့်ပြည့်စုံစုံ နေနေရတဲ့ ဘဝထက် ဂုဏ်သိက္ခာရှိရှိ ငတ်သေရတဲ့ ဘဝက ပိုပြီး မြင့်မြတ်ပါတယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငွေကြေး ဥစ္စာဓနတွေနဲ့ တိုင်းတာလို့ မရပါဘူး။ ဂုဏ်သိက္ခာရှိတဲ့သူတွေကို လူတွေက လေးစားကြတယ်။ လူတစ်ယောက် ပိုင်ဆိုင်တဲ့ ဥစ္စာဓနဆိုတာဟာလည်း အများအတွက်သာ မဟုတ်ခဲ့ရင် ပိုင်ဆိုင်သူကို စိတ်ပူလောင်မှုတွေပဲ ဖြစ်နေစေမှာပါ။ လူတစ်ယောက်ဟာ ရုပ်ဝတ္ထု ပိုင်ဆိုင်မှု အရေအတွက်တွေ တိုးလာဖို့အတွက် ဂုဏ်သိက္ခာကို မစွန့်လွှတ်သင့်ပါဘူး။ ကိုယ်ကျင့်တရား ကောင်းအောင် မကြိုးစားဘဲနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ သူရဲ့ ကိုယ်ကျင့်သိက္ခာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတိုင်း လူတိုင်းဟာ ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာပေါ်မှာပဲ ဘဝအတွက် လိုအပ်ချက်တွေကို တည်ဆောက်သင့်ပါကြောင်း တိုက်တွန်းရင်း...။

မောင်လင်းသန့်